နှစ်သန်း ၁၀၀ သက်တမ်းရှိ ဒိုင်နိုဆောငှက် ရုပ်ကြွင်း မြန်မာ့ပယင်း၌တွေ့ရှိ

နှစ်သန်း ၁၀၀ သက်တမ်းရှိ ဒိုင်နိုဆောငှက် ရုပ်ကြွင်း မြန်မာ့ပယင်း၌တွေ့ရှိ

မတ် ၁၂။          ။ နှစ်ပေါင်းသန်း ၁၀၀ သက်တမ်းရှိ ပျံသန်းနိုင်သော ဒိုင်နိုဆောငှက် ရုပ်ကြွင်းကို မြန်မာ့ပယင်းထဲ၌ တွေ့ရှိကြောင်း သိပ္ပံပညာရှင်များက အတည်ပြုခဲ့ကြသည်။ အဆိုပါရုပ်ကြွင်းသည် အသေးငယ်ဆုံးငှက်ထက် ပင်ပိုသေးပြီး T-Rex ဒိုင်နိုဆောထက် သက်တမ်းရင့်ကာ အသေးငယ်ဆုံးဒိုင်နိုဆောငှက်ဖြစ်နိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံက ပယင်းလုံးလေးထဲ၌ Oculudentavis khaungraae ခေါ်  ဒိုင်နိုဆောငှက်၏ ဦးခေါင်းကို သိပ္ပံပညာရှင်များက ရှင်းရှင်းလင်းလင်း ပုံစံမပျက် ရှာဖွေတွေ့ရှိခဲ့ကြသည်။

“အဲဒီရုပ်ကြွင်းကို စမြင်တော့ ကျမ အရမ်းအံ့အားသင့်သွားတာ၊  ထူးခြားတဲ့ မျက်ကွင်းရိုး၊ သွားတွေအများကြီးနဲ့ ကောင်းကောင်းမွန်မွန်ရှိနေတာ တကယ်ထူးဆန်းတယ်” ဟု Chinese Academy of Sciences မှ ကျောက် ဖြစ်ရုပ်ကြွင်းပညာရှင် Jingmai O’Connor က AFP ကိုပြောသည်။

ဒိုင်နိုဆောငှက်ရုပ်ကြွင်းဦးခေါင်းက (၇.၁) မီလီမီတာခန့်ရှည်ပြီး တွေ့ရှိသမျှထဲတွင် အသေးငယ်ဆုံး ဒိုင်နိုဆောဖြစ်သည်။ ယနေ့ခေတ် အသေးငယ်ဆုံး ငှက်ပိတုန်းထက်ပင် ပိုသေးသည်။

အရွယ်အစားသေးသော်လည်း ၎င်း၏ ချွန်ထက်သော သွားများနှင့် ကြီးမားသောမျက်လုံးများကို အသုံးပြုကာ သားကောင် အင်းဆက်များကို အမဲလိုက်ခဲ့ဟန်ရှိကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ထားကြသည်။

“ငှက်တွေနဲ့ တချို့ဒိုင်နိုဆောတွေမှာသာတွေ့ရတဲ့ ဦးခေါင်းခွံမျိုး ဒီငှက်မှာရှိတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ငှက်လို့သတ်မှတ်နိုင်လောက်တဲ့ ဦးခေါင်းခွံ ဝိသေသလက္ခဏာမျိုးမရှိတာကြောင့် ဒိုင်နိုဆော ဒါမှမဟုတ် တခြား သတ္တဝါတစ်ကောင် ဖြစ်နိုင်ပါတယ် ”ဟု O’Connor က ဆိုသည်။

ကျောက်တုံးကျောက်ဆောင်တွင် ကပ်နေသောရုပ်ကြွင်းနှင့်မတူညီသည့်အချက်မှာ ပယင်းထဲရှိရုပ်ကြွင်းများသည် မူလအရောင်နှင့်ပုံပန်းသဏ္ဍာန်မပျက်ဘဲ နူးညံ့သောတစ်သျှူးများကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly