မန္တလေးတွင် မြန်မာစာ ဖြေဆိုရန် ၆၀၀၀ ကျော် ပျက်ကွက်

မန္တလေးတွင် မြန်မာစာ ဖြေဆိုရန် ၆၀၀၀ ကျော် ပျက်ကွက်
ဓာတ်ပုံ- အောင်ကိုဦး

မန္တလေး၊ မတ် ၁၁

၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၁၁ ရက်မှစတင်ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ ၁၂၇၅၆၀ ဦးရှိပြီး စာစစ်ဌာနပေါင်း ၂၂၀ ဖွင့်လှစ်ပေးထားကာ ပျက်ကွက်သူ ၆၀၀၄ဥိးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။

ယနေ့စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ စာရင်းရှိ ဖြေဆိုရန် လျှောက်ထားသူ ၁၃၃၄၁၅ ဦး ရှိသည့်အနက် ၁၂၇၅၆၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သူဦးရေ ၆၀၀၄ ဦး ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ပျက်ကွက်မှုမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

'' အေးအေးချမ်းချမ်းနဲ့ ဖြေဆိုနိုင်ဖို့ အစီအမံတွေအားလုံးကို တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပြီးသား ဖြစ်တဲ့အပြင် မေးခွန်းထုတ်ယူတာ ဖြန့်ဝေတာနဲ့ အဖြေလွှာပို့တဲ့အထိ စီမံချက်နဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒီနှစ်ကတော့ မေးခွန်းပုံစံ ပြောင်းပြီးမေးတဲ့ ဒုတိယနှစ်ဖြစ်တဲ့အတွက် ဖြေဆိုသူတွေအနေနဲ့ ပထမနှစ်လောက် ခက်ခဲမှု ရှိတော့မှာ မဟုတ်ပါဘူး။ အားလုံးဖြေဆိုနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ မိဘများကလည်း စာမေးပွဲကြီး အေးအေးချမ်းချမ်းနဲ့ ပြီးမြောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းလိုပါတယ် ''ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယနေ့ စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေး အိုးဘိုအကျဉ်းထောင်စာစစ်ဌာနမှ ဖြေဆိုသူ ၇၇ ဦးနှင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာနတွင် ကျောင်းသား သုံးဦး တို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါ စာမေးပွဲများကို မတ် ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly