ပေါက်တောမှ ငွေအတု လက်ဝယ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးအား CID သို့ လွှဲပြောင်းပေး

ပေါက်တောမှ ငွေအတု လက်ဝယ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးအား CID သို့ လွှဲပြောင်းပေး
ဖမ်းဆီးရမိသည့် အမျိုးသမီးနှင့် ငွေအတု။

ပေါက်တောမြို့တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ငွေစက္ကူအတု လက်ဝယ်ကိုင်ဆောင်ပြီး သုံးစွဲမှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးအား စစ်ဆေးရန် စစ်တွေမှ မူခင်းတပ်ဖွဲ့ (CID) သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ပေါက်တော ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဆိပ်ကမ်းက ရဲတပ်ကြပ်ကြီး အောင်ချေက မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေ ငွေအတု လက်ဝယ်ကိုင်ဆောင်ပြီး သုံးစွဲမှု ပုဒ်မ ၁၀၅ နဲ့ ငွေအတု သယ်ယူမှု ဥပဒေပုဒ်မ ၁၀၆ နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။ ကျနော်တို့လည်း စစ်ဆေးကြည့်ပြီးပြီ။ ဒီအမှုက CID နဲ့ သက်ဆိုင်တဲ့အတွက် ပြီးခဲ့တဲ့အပတ်က စစ်တွေက မှုခင်းတပ်ဖွဲ့ဖြစ်တဲ့ CID ကို လွှဲပြောင်းပေးလိုက်ပါပြီ။ သူတို့လည်း ပထမအကြိမ်အနေနဲ့ လာရောက်စစ်ဆေးသွားပါတယ်။"ဟု ပြောသည်။

ယင်းအမျိုးသမီးမှာ ပေါက်တောမြို့နယ် ပိန္နချောင်းကျေးရွာက ဒေါ်သာစိန်နုဖြစ်ပြီး အသက် ၃၄ ခန့်အရွယ်ရှိကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

"အတုလို့ ထင်ရတဲ့ငွေတွေကို ကိုင်ပြီးတော့ ဆိုင်တိုင်းကို လိုက်ဝယ်နေတယ်လို့ လူတစ်ယောက်က ဆိပ်ကမ်းမှာ တာဝန်ကျတဲ့ တပ်ကြပ်ကြီးကို သတင်းလာပေးတယ်။ အဲဒီတော့မှာ နယ်ထိန်းအဖွဲ့တွေက နောက်ကနေ စောင့်ကြည့်ပြီး မသင်္ကာလို့ ဖမ်းလိုက်တာ။ အဲဒီမှာ ငွေ တစ်သောင်းတန်အတု ၁၂ ရွက်ပါတယ်။ နောက် ဆိုင်တွေက လာပေးတာနဲ့ဆိုရင် အရွက် ၂၀ လောက်ရှိတယ်။"ဟု ဆိုသည်။

CID သို့ လွှဲပြောင်းထားသောကြောင့် အဆိုပါအမှုကို မည်ကဲ့သို့ စိစစ် ဆုံးဖြတ်မည်ကို မသိကြောင်း၊ ယင်း CID မှ စစ်ဆေးပြီးမှ တရားရုံးသို့ ပို့မည်ဖြစ်ကြောင်း၊ ယခု ရမန် ၁ ပတ်ယူထားကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

"ဒီမှာစွဲမှာလား၊ ခရိုင်မှာစွဲမှာလား မသိဘူး။ အခုတော့ အဲဒီအမျိုးသမီးကို ပေါက်တောရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်။"ဟု ပြောသည်။

ဖမ်းဆီးရမိသည့် ငွေစက္ကူအတုများမှာလည်း ၎င်းအမျိုးသမီး၏မိသားစုမှာ ဖားကန့်ဒေသတွင် အလုပ်လုပ်ကိုင်ပြီး ကျောက်အောင်ကာ ကျောက်ရောင်း၍ ရရှိသည့်ငွေများအထဲ၌ ရောနှောပါလာသည့် ငွေဖြစ်ကြောင်းလည်း ယင်းအမျိုးသမီးက ရဲစခန်းတွင် ထွက်ဆိုထားကြောင်း ပေါက်တော ရဲစခန်းမှ တာဝန်ရှိသူကပဲ ထပ်လောင်းပြောကြားခဲ့သည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပုဏ္ဏားကျွန်းမြို့တွင် သံဃာတော်တစ်ပါးထံမှ ငွေအတုဖမ်းမိခဲ့ခြင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ပုဏ္ဏားကျွန်း ရခိုင်အမျိုးသားပါတီအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly