မန်ချက်စတာစီးတီးနည်းပြ ပက် ဂွာဒီယိုလာက ဘောလုံးပွဲတွေကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားစေတာထက် ပွဲရွှေ့ဆိုင်းတာကို ပိုမိုအလိုရှိတယ်လို့ ပြောပါတယ်။
ကမ္ဘာတစ်လွှားဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန်႔နှံ႔မှုကြောင့် အီတလီ စီးရီးအေပြိုင်ပွဲကို ဧပြီလအထိ ရပ်နားခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်အပါအဝင် ထိပ်တန်းပြိုင်ပွဲအများအပြားမှာလည်း ကွင်းပိတ်ယှဉ်ပြိုင်ကစားဖို့ ညွှန်ကြားခြင်းခံခဲ့ရပါတယ်။
ဂွာဒီယိုလာက လက်ရှိအခြေအနေတွေအရ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း သက်ရောက်လာမယ်လို့ ယူဆနေပါတယ်။
စီးတီးနည်းပြက ဘောလုံးပွဲတွေကို ဘယ်လိုကစားရမယ်ဆိုတဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာသွားမှာဖြစ်ပေယ့် သူပိုမိုလိုလားတာက ပွဲစဉ်ရွှေ့ဆိုင်းတာမျိုးဖြစ်ပါတယ်။
"ပရိသတ်မပါဘဲ ဘောလုံးပွဲက အလုပ်ဖြစ်မှာတဲ့လား။"လို့ သူက ပြောပါတယ်။
"ပရိသတ်တွေ မလာနိုင်ဘူးဆိုရင် အဓိပ္ပါယ်မရှိပါဘူး။ ကျနော်တို့ လုပ်ရမှာကို ကျနော်တို့ လိုက်နာပါမယ်။ ဒါပေမယ့် ပရိသတ်တွေ မပါဘဲ ကစားရမှာကို ကျနော် မကြိုက်ပါဘူး။"
"ကျနော်တို့လည်း သိပါတယ်။ ဘာကြောင့်လဲဆိုတော့ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေပြီးဖြစ်လို့ပါ။"လို့ ဂွာဒီယိုလာက ဆက်ပြောခဲ့ပါတယ်။ "စီးရီးအေလည်း ရွှေ့ဆိုင်းသွားခဲ့ပါပြီ။ စပိန်မှာလည်း ၂ ပတ်လောက် ကွင်းပိတ်ကစားတော့မှာပါ။"
"ဒီလိုကွင်းပိတ်ကစားတာမျိုး ပရီးမီးယားလိဂ်မှာလည်း ဖြစ်လာတော့မယ်။
"ခင်ဗျားကို အခြားပြဿနာတစ်ခု မေးရမယ်ဆိုရင် ပရိသတ်မပါဘဲ ကစားရတာဟာ ပိုဆိုးသလားလို့။ ကျနော်တို့ဟာ ပရိသတ်အတွက် ကျနော့်တို့ အလုပ်ကို လုပ်နေတာပါ။ ပရိသတ်လာပြီး မကြည့်နိုင်ဘူးဆိုရင် ဒါဟာ အဓိပ္ပါမရှိပါဘူး။"
"ကျနော်ကတော့ ပရီးမီးယားလိဂ်ဖြစ်ဖြစ် ချန်ပီယံလိဂ်ဖြစ်ဖြစ် ဖလားပွဲတွေဖြစ်ဖြစ် ပရိသတ်မပါဘဲ ကစားရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရမှာပါ။ ဒါဟာ တကမ္ဘာလုံးရဲ့ ပြဿနာဖြစ်နေလို့ပါပဲ။"
လက်ရှိအခြေအနေတွေအရ နိုင်ငံအတွင်းက အားကစားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိဘူးလို့ ဗြိတိန်အားကစားမီဒီယာနဲ့ ယဉ်ကျေးမှုဌာနက အတည်ပြုကြေညာခဲ့ပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၅)ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။