(၈)ပြည်နယ်မူ ဖြစ်နိုင်ခြေ နည်းပါးဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော

By စိုင်းဦး
11 March 2020
(၈)ပြည်နယ်မူ ဖြစ်နိုင်ခြေ နည်းပါးဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော
ပုံ- EAOs များ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ပုံ- Myanmar Peace Monitor)

ရန်ကုန်၊ မတ်လ ၁၁။                  ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖေဖော်ဝါရီလကုန်ပိုင်းက ဘုံသဘောတူညီချက်အဖြင့် လက်မှတ်ရေးထိုးခဲ့ သော ဖက်ဒရယ်အခြေခံမူများသည် (၈)ပြည်နယ်မူကို အခြေခံ ထားခြင်းကြောင့် (၈)ပြည်နယ်မူမှာ ဖြစ်နိုင်ခြေ နည်းပါး သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမသို့ ပြော သည်။

အဆိုပါ ဖက်ဒရယ်အခြေခံမူကို ၂ နှစ်ကြာခန့် အချိန်ယူ ရေးဆွဲခဲ့ခြင်း ဖြစ်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နှင့် ၂၉ ရက်များက တွေ့ဆုံ ဆွေးနွေးမှုအပြီးမှာ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်သည်။

သို့သော် PNLO ပါဝင် လက်မှတ်ထိုးခဲ့ခြင်းမရှိကြောင်း၊ ၁၁ ဖွဲ့သာ လက်မှတ်ထိုးခဲ့ကြောင်း၊ ၁၁ ဖွဲ့တည်းမှာတောင် ၅ ဖွဲ့မှ အဓိကထိုးခဲ့ပြီး ကျန်အဖွဲ့များမှာ ကိုယ်စားလှယ်အနေဖြင့်သာ ပါဝင်ခဲ့ကြောင်း PNLO မှ သိရသည်။

PNLO မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြည်နယ်(၈)ခုက သဘောတူတဲ့ထဲမှာ ကျွန်တော်တို့ အဖွဲ့မပါဘူး၊ ၁၉၆၂ တောင်ကြီး ညီလာခံက ချထားတဲ့မူပါ။ အဲ့‌ခေတ်က အဲ့ဒီ အတိုင်းပေါ့၊ ခုက နည်းနည်း ရွေ့သွား တယ်လို့ ကျွန်တော် ထင်တယ် ပြည်နယ်(၈)ခု မူကတော့ လက်တွေ့ ဖြစ်နိုင်ခြေ နည်းပါတယ်”ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့ သဘောတူ လက်မှတ်ထိုးခဲ့သော ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက်တွင် လက်ရှိ တိုင်းရင်းသားပြည်နယ်များ ဆက်လက် ထားရှိရေးနှင့် တိုင်းဒေသကြီး (၇)ခုကို ပေါင်းစည်းရေး၊ တပ်မတော်ကို အရပ်သား အစိုးရ လက်အောက်တွင် ထားရှိရေး၊ ပြည်နယ်အစိုးရများကို ဒေသတွင်း လူထုကိုယ်တိုင် ရွေးချယ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ (၈)ပြည်နယ်မူသည်နှင့် ပတ်သက်၍ ဗမာပြည်နယ် သတ်မှတ်ပေးရန် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာကလည်း  ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က မဇ္ဈိမ၏ သီးသန့်တွေ့ဆုံ မေးမြန်းမှု တစ်ခုတွင် ပြောထားသည်။

“ကျွန်တော်တို့ကတော့ တိုင်းဒေသကြီးတွေကို အမျိုးသားများပြည်နယ် ဒါမှမဟုတ် ဒေသန္ဒရပြည်နယ် ဆိုပြီးတော့ အားလုံး ပြည်နယ် ပုံစံလေး ဖွဲ့စည်းချင်တယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ ဗမာပြည်နယ် တစ်ခုလည်း ဖွဲ့စည်း ချင်တယ်၊ ဘာကြောင့် လဲဆိုတော့ သူတို့ လူဦးရေ များရင်လည်း သူတို့ ပြည်နယ် ကျယ်ချင်ကျယ်မှာပေါ့၊ ဒါမှ တန်းတူမူရှိမယ်”ဟု ၎င်းက ပြော သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ၁၉၆၂ ခုနှစ်က ဖက်ဒရယ်အရေး ဆွေးနွေးစဉ်အခါက ဗမာပြည် ဖွဲ့စည်းရေး နှင့် ပတ်သက်ပြီး အဆင်မပြေမှုများ ဖြစ်ခဲ့ကြောင်း ဆိုသည်။

 “ကျွန်တော်အမြင်ကတော့ အဲ့(၈)ပြည်နယ် ဆိုတဲ့မူဟာ ဗမာပြည် ဖက်ဒရယ် ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ပြဿနာဖြစ်ခဲ့တဲ့ မူဘဲဗျ၊ အဓိပ္ပာယ်ကတော့ ကျွန်တော်တို့ ရှမ်းမူ ၁၉၆၀ ခုနှစ်မှာ တင်တုန်းက ရှမ်းမူထဲမှာ ဗမာဟာလည်း တိုင်းရင်းသားတစ်ခုပဲ ပြည်နယ်တစ်ခုပဲဆိုတဲ့ သဘောထား တစ်ခု နဲ့ ပြောကြ ဆိုကြခဲ့တာ အဲ့တာကြောင့် လည်း ၁၉၆၂ က တပ်မတော်ရဲ့ အာဏာသိမ်းပွဲ ဖြစ်လာခဲ့တာပေါ့။ အဲ့တုန်းကလည်း ဒီ အယူအဆကို တပ်မတော်က သဘောမကျဘူး၊ လက်မခံဘူး။ တပ်မတော်ဆိုပေမယ့် တကယ်တမ်း ကျတော့ အဲ့ကာလ တပ်မတော်ရဲ့ နိုင်ငံရေးလမ်း ညွှန်မှု ပေးနေတာကတော့ ဦးကျော်ငြိမ်းတို့ ဦးဘဆွေတို့ ဆိုရှယ်လစ် ပါတီက ပေးနေတာပေါ့၊ သူတို့ကလည်း အဲ့တာကို လက်မခံပါဘူး။ ဒါကြောင့်မို့ ဒီအယူအဆတင်တိုင်း တင်တိုင်းမှာ ပြဿနာတက်ခဲ့တာပေါ့”ဟု ၎င်းက ပြောသည်။

ထို့နောက် ဗိုလ်မှူးကြီး ခွန်ဥက္ကာက (၈) ပြည်နယ်မှုသည် တန်းတူ အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်ပြီး ကျန်သည့် လူမျိုးစုတွင် ပြည်နယ်ရှိပြီး ဗမာလူမျိုးစုတွင်လည်း အမျိုးသားပြည်နယ် တစ်ရပ်လိုသည်ဟုဆိုကာ တင်ပြ တောင်းဆို ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲ့အခြေခံ ယူဆချက်က ဖြစ်နိုင်ခြေနည်းတဲ့ အခါကျတော့ လက်ရှိ တိုင်းဒေသကြီး (၇)ခုကို ဗမာပြည်နယ်လုပ်ဖို့လည်း မဖြစ်နိုင်ဘူးဗျ၊ တိုင်းပြည်ရဲ့  ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲတဲ့ အခါမှာကျတော့ ထပ် မံငြင်းခုံရတဲ့ ပြဿနာတွေ ပါလာနိုင်ပါတယ်၊ ဒီကိစ္စတွေက သူတို့ (၈)ပြည်နယ်မူဆိုတာက နှစ်ပေါင်းတော်တော်လေး ခေတ်နောက် ကျသွားတဲ့မူ ဖြစ်ပါတယ်၊ လက်ရှိမှာတော့ အဲ့ဒီမူက ထောက်ခံလို့ရတဲ့မူ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

ဖက်ဒရယ်အခြေခံမှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်ဖွဲ့ (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် (NCA) လက်မှတ် မရေး ထိုးရသေးသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ ပါဝင်လက်မှတ် ရေးထိုး ကြသည်ဟု သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ကတော့ ထိုမူဝါဒများတွင် မိမိတို့ လူမျိုးစုများ၏ အခြေအနေအရ ဖက်ဒရယ်အခြေခံမူကို လက်မှတ် မထိုးသေးဘဲ ယာယီ ဆိုင်းငံ့ထားကြောင်း သိရသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ သဘောတူ လက်မှတ်ထိုးခဲ့ခြင်းမဟုတ်ကြောင်း၊ ၁၁ ဖွဲ့သာ ထိုးခဲ့ကြောင်း၊ မိမိတို့ အဖွဲ့မှာမူ ယာယီဆိုင်းငံ့ထားကြောင်း ဆိုသည်။

ဗိုလ်မှူးခွန်ဥက္ကာက “ဖက်ဒရယ်အခြေခံမူနဲ့ ပတ်သက်လို့ လက်မှတ်ထိုးကြပါတယ်၊ ကျွန်တော်တို့ မပါဘူး၊ ၁၁ ဖွဲ့ဘဲ ထိုးတာ ပါ။  ၁၁ ဖွဲ့လည်း မထိုးပါဘူး၊ ကိုယ်စားပြုတဲ့ ၅ ဖွဲ့ပဲ ထိုးတာပါ။ အဲ့တုန်းက ကျွန်တော်တို့ အဖွဲ့မပါ ဘူး၊ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ လူမျိုးတွေ၊ အခြေအနေတွေ စစ်မှန်တဲ့ ဖက်ဒရယ်တွေ ကျွန်တော်တို့က ယာယီ ဆိုင်းငံ့ထားတာပေါ့” ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly