ကိုရိုနာဗိုင်းရပ်စ်ကို အီရန်ရဲ့ တုံ့ပြန်မှုက နည်းပါးလွန်းပြီး နောက်ကျလွန်းဟု ကုလသမဂ္ဂ ပြော

ကိုရိုနာဗိုင်းရပ်စ်ကို အီရန်ရဲ့ တုံ့ပြန်မှုက နည်းပါးလွန်းပြီး နောက်ကျလွန်းဟု ကုလသမဂ္ဂ ပြော

မတ်လ ၁၁။                ။ အကျဉ်းသား ၇၀၀၀၀ ကို ယာယီ ပြန်လွှတ်ပေးတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို အီရန်ရဲ့ အရေးယူတုံ့ပြန်ဆောင်ရွက်မှုတွေဟာ နည်းပါးလွန်းနေပြီး နောက်ကျလွန်းနေတယ်လို့ ကုလသမဂ္ဂပညာရှင်တစ်ဦးက အင်္ဂါနေ့မှာ ပြောပါတယ်။

တရုတ်ကနေ စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို တရုတ်ပြီးရင် အများဆုံး ကူးစက်ဖြစ်ပွားနေတဲ့ အီရန်နိုင်ငံဟာ ကိုင်တွယ်ဖြေရှင်းမှာ မရေမရာ လုပ်ဆောင်နေတယ်လို့ အီရန်က ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဂျာဗိုက်ရက်ရှ်မန်းက ပြောခဲ့ပါတယ်။

“အီရန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေဟာ တော်တော်လေး မထိတ်သာ မလန့်သာ ရှိနေတဲ့ အခြေအနေ ရောက်နေပြီ။”လို့ ဂျီနီဗာရှိ ကုလသမဂ္ဂရုံးမှာ သတင်းထောက်တွေကို ရက်ရှ်မန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က စလို့ မြင့်မြတ်သော ကွမ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူနှစ်ဦး သေဆုံးခဲ့ချိန်ကစပြီး အီရန်နိုင်ငံအတွင်း ဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွားနေတယ်လို့ ၎င်းက ပြောပါတယ်။

“အီရန်မှာ ဗိုင်းရပ်စ်ဟာ အလျင်အမြန် ကူးစက်နေတယ်။ ကျွန်တော့် အလိုအရတော့ အီရန်ဟာ တုံ့ပြန်ဆောင်ရွက်မှု နည်းလွန်းပြီး နောက်ကျလွန်းတယ်လို့ ပြောလိုတယ်။”ဆိုပြီး ရက်ရှ်မန်းက ဆိုပါတယ်။

အီရန်မှာ အင်္ဂါနေ့က ဗိုင်းရပ်စ် ထပ်မံကူးစက်သူပေါင်း တစ်ရက်အတွင်း ၅၄ ဦး ရှိရာ ဗိုင်းရပ်စ် စတင်ကူးစက်ချိန်ကစလို့ အမြင့်ဆုံး ကူးစက်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ကိုရိုနာ ကူးစက်ခံရသူပေါင်း နိုင်ငံတွင်းမှာ ၈၀၄၂ ဦး ရှိရာမှာ ၂၉၁ ဦးအထိ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

မကြာသေးခင်က သတင်းတွေအရလည်း အီရန်အကျဉ်းထောင်တွေမှာ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှုကို တွန်းလှန်ရေးအတွက် အကျဉ်းသား ခုနစ်သောင်းနီးပါးကို ပြန်လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနကို ကိုးကားပြီး အီရန် တရားစီရင်ရေး မီဇန်ရုံးရဲ့ တရားဝင်သတင်းဌာနက ဖော်ပြပါတယ်။

အကျဉ်းသားတွေကို ယာယီပြန်လွှတ်တာဟာ လုံလောက်တဲ့ တုံ့ပြန်မှု မဟုတ်ဘူးလို့ ရက်ရှ်မန်းက ဆိုပါတယ်။

“ဘယ်လို အခြေအနေမျိုးရှိနေတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်တာလဲဆိုတာ ကျွန်တော်တို့ သိရတာမဟုတ်ပါဘူး။”လို့ ရက်ရှ်မန်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly