“ဘဝမေ့တဲ့ သမ္မတကြီး”

“ဘဝမေ့တဲ့ သမ္မတကြီး”

ကိုယ့်အောက်က ထိတ်တန်း ပါတီခေါင်းဆောင်တွေ မဲဆွယ်ရင်း ရီစရာ ပြောနေကြတာ အားမရလို့လား၊ ဒါမှမဟုတ် သမ္မတကြီးကိုယ်တိုင်ကပဲ ဘဝမေ့နေလို့လားတော့ မသိပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကတော့ သမ္မတ ဦးသိန်းစိန်ဟာ မှတ်သားစရာ စကားတစ်ခွန်း ပြောခဲ့ပြန်ပါပြီ။ ဧရာဝတီတိုင်း ငပုတောမှာ သမ္မတ ဦးသိန်းစိန် ပြောခဲ့တာတွေထဲမှာ “ကျွန်တော်တို့ တပ်မတော် အစိုးရအုပ်ချုပ်တဲ့ စနစ်ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရစနစ်နဲ့ လွှတ်တော်တို့ အစိုးရတို့ စသည်အားဖြင့် ဒီစနစ်နဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ပြောင်းပြီးပြီ။ နောက်ထပ် ဘာများ ပြောင်းချင်သေးလဲ။ နောက်ထပ် ပြောင်းဖို့ကတော့ အခြားမရှိတော့ဘူး။ ကွန်မြူနစ်ပဲ ရှိတော့တယ်။ ကွန်မြူနစ် ပြောင်းချင်လား၊ ဘယ်သူမှ မပြောင်းချင်ဘူး။ ဟုတ်တယ်မလား” ဆိုတာပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ပြောတာ မှန်မမှန်၊ သမ္မတကြီး ဘဝမေ့သွားလို့ ဒီလိုစကားမျိုး ပြောတာလေလား ဒီကနေ့ ဝေဖန် ဆွေးနွေး ကြည့်ကြရအောင်ပါ။

ပထမတစ်ခု ဆွေးနွေးဖို့လိုတာကတော့ သမ္မတကြီးပြောတဲ့ တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ စနစ် ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီဆိုတဲ့ စကားပါ။ ကောင်းပါပြီ။ အရင် အစိုးရကို သမ္မတကြီးက တပ်မတော်အစိုးရလို့ ခေါ်ပါတယ်။ ဒါပေမယ့် တကယ့်တကယ် သရုပ်လက္ခဏာကတော့ စစ်အာဏာရှင် စနစ်ပါ။ ဒီလို ပြောရတာကလည်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ရှိပါတယ်။ တပ်မတော်အင်အားကို အသုံးပြုပြီး ထိပ်ဆုံးက အာဏာရှင်ကြီး တစ်ယောက်က သူ့သဘောနဲ့သူ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်တာမို့ပါ။ မြန်မာပြည်မှာ ဦးသိန်းစိန် သမ္မတမဖြစ်ခင် အုပ်ချုပ်ခဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုခုနဲ့ အုပ်ချုပ်ခဲ့တာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတဲ့အတွက် သူ့ကို အနားပေးမယ့် ဥပဒေ မရှိသလို၊ ထုတ်ပယ်နိုင်တဲ့ နည်းနာတွေလည်း မရှိပါဘူး။ ပိုပြီးဆိုးစေတာက တပ်မတော်ကိုယ်တိုင်မှာလည်း သူ့ကို အသက်ပြည့်လို့ အနားပေးနိုင်တာ၊ သူ့ကို တာဝန်ကနေ ဖယ်ရှားနိုင်တာ စတာမျိုး လုပ်နိုင်တဲ့ ပြဌာန်းချက်တွေ ရှိမနေပါဘူး။ ဒီလို အခြေအနေမျိုး အောက်မှာ တိုင်းပြည်ကို တစ်ဦးတည်းသဘောနဲ့ စီမံအုပ်ချုပ်ခဲ့လို့ စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တာလို့ သတ်မှတ်ရတာပဲ ဖြစ်ပါတယ်။

ကောင်းပါပြီ။ ၂၀၀၈ ရောက်တော့ စစ်အစိုးရဟာ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကို ရေးဆွဲပါတယ်။ ဖွဲ့စည်းပုံ ရေးရာမှာ အလွှာကြီး ဘယ်နှစ်လွှာပါတယ်၊ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေပါတယ် ဘာညာသာရကာ ပြောမနေပါနဲ့။ ဘယ်သူ့စကား၊ ဘယ်သူ့အကြံပြုချက်ကိုမှ နားမထောင်ပဲ အဲဒီဖွဲ့စည်းပုံကို စစ်အာဏာရှင်တွေ စိတ်ကြိုက် ရေးဆွဲ အတည်ပြုခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ရာခိုင်နှုန်း ဘယ်လောက် ထောက်ခံတယ်ဆိုတာကလည်း အတုအယောင်တွေပါ။ စစ်အာဏာရှင် စနစ်အောက်မှာ ကိုယ်လိုရာ ရလဒ်အဖြေ ထွက်လာဖို့လုပ်တဲ့ လူထုဆန္ဒခံယူပွဲပါ။

ဒီလိုနဲ့ ၂၀၁၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေကို နေအိမ်အကျယ်ချုပ် ချသူချ၊ ထောင်ထဲထည့်သူ ထည့်ထားပြီး လုပ်တဲ့ ရွေးကောက်ပွဲပါ။ အင်န်အယ်လ်ဒီလို ပါတီကို ရွေးကောက်ပွဲ မဝင်နိုင်အောင် လုပ်ထား၊ သတင်းမီဒီယာကို အမှောင်ချ၊ ဘယ်နိုင်ငံတကာ လေ့လာသူတွေကိုမှ အဝင်မခံပဲ စစ်အစိုးရ စိတ်တိုင်းကျ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပါ။ ရွေးကောက်အပြီးမှာတော့ လွှတ်တော်ခေါ်ယူတာ လုပ်ခဲ့သလို၊ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် ဆိုတာလည်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

တကယ်တော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ ရွေးကောက်ပွဲကြောင့် ပေါ်ပေါက်လာတယ်လို့ ဆိုပေမယ့် ဒီမိုကရေစီနည်းကျ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဟုတ်ခဲ့သလို၊ လွှတ်တော်အမတ်တွေရော၊ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေပါ ပြည်သူလူထုက တကယ်ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ် အစစ်အမှန်တွေ မဟုတ်ခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် ၂၀၁၀ အလွန် ဇာတ်ကောင်အားလုံးကို အနားယူသွားပြီဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသေအချာ နေရာချထားပေးသွားတာပါ။ အဲလို တစ်ယောက်စီ စိတ်ကြိုက် နေရာချထားပေးသွားပြီး၊ အဲဒီတာဝန်၊ ရာထူး ရခဲ့ကြသူ အားလုံးဟာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာ ချထားပေးလို့ အာဏာရခဲ့တယ်ဆိုတဲ့ ကိစ္စ အစိုးရ ထိပ်ပိုင်းခေါင်းဆောင် အားလုံးလိုလိုက ဝန်ခံ ပြောဆိုကြပါတယ်။

၂၀၁၀ ဆိုတာ တကယ့်ကို ဒီမိုကရေစီကို ကူးပြောင်းတဲ့ နှစ်၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနည်းကျ ပြည်သူတွေ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရ တက်လာနိုင်တဲ့ ရွေးကောက်ပွဲ၊ အဲဒီ အပြောင်းအလဲဟာ တကယ့် ဒီမိုကရေစီ အပြောင်းအလဲစတဲ့ ရယ်စရာ စကားမျိုးကိုတော့ ဘယ်အစိုးရ ခေါင်းဆောင်၊ ဘယ်ဝန်ကြီးကမှ မပြောကြပါဘူး။ ဗိုလ်ချုပ်မှူးကြီးက သဘောမကျလို့ လွှတ်တော်ထဲ ခွေထားခံရတဲ့ သူရဦးရွှေမန်း တစ်ယောက်ပဲ သူတို့ လွှတ်တော်ဟာ တကယ့်ကို ပြည်သူတွေ ရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော် ဖြစ်သယောင်ယောင် ရယ်စရာတွေ ထထ ပြက်လုံးထုတ်တာမျိုးပဲ ရှိတတ်တာပါ။

သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ အပြောင်းအလဲဆိုတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်တည်းကနေ စစ်ယူနီဖေါင်းဝတ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေရာကနေ၊ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ယောက်ကို ပူးပေါင်း အုပ်ချုပ်ခိုင်းလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စစ်ဘုရင် တစ်ပါးတည်း အုပ်ချုပ်ရာကနေ စစ်ဘုရင်နှစ်ပါး အုပ်ချုပ်ဖို့ လက်လွှဲပေးလိုက်တာပါ။ ကျန် အစိုးရအဖွဲ့ဝင် ဝန်ကြီး အပါအဝင် နေရာတကာမှာလည်း စစ်ဗိုလ်ချုပ်တွေကချည်း တိုင်းပြည်ကို အုပ်ချုပ်နေတာပါပဲ။ သမ္မတ ဦးသိန်းစိန်ပြောတဲ့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့စနစ် မဟုတ်သလို၊ ဒီမိုကရေစီစနစ်ကို ပြောင်းလဲပြီးပြီ ဆိုတာလည်း လုံးဝ မမှန်တဲ့ ဟာသ ပြက်လုံးပါ။

တကယ်တော့ သမ္မတ ဦးသိန်းစိန်ဟာ ခုတလော ပြန်ကြားရေး ဝန်ကြီးဌာနက ဝါဒဖြန့်တဲ့ “ပြည်သူထဲက သမ္မတ” ဆိုတဲ့ အစီအစဉ်ကို ကြည့်မိပြီး သူ့ကို အရင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတနေရာ ချပေးသွားတာကို မေ့လျော့သွားပုံ ရပါတယ်။ ဘေးတီး မြှောက်ပင့်ပေးတဲ့ သူတွေကြောင့် သူ့ကိုယ်သူလည်း တကယ့်ကို ပြည်သူတွေက ဒီမိုကရေစီနည်းအရ တင်မြှောက်ခံထားရသူ ဖြစ်သယောင် ထင်မှတ်မှားသွားတာ ဖြစ်နိုင်ပါတယ်။ ဒီထက် ပိုဆိုးတာက “နောက်ထပ် ပြောင်းဖို့ကတော့ အခြား မရှိတော့ဘူး။ ကွန်မြူနစ်ပဲ ရှိတော့တယ်။ ကွန်မြူနစ် ပြောင်းချင်လား၊ ဘယ်သူမှ မပြောင်းချင်ဘူး။ ဟုတ်တယ် မလား” ဆိုတဲ့ ပြောစကားပါ။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီစကားကို ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ ပြောလိုက်သည် ဖြစ်စေ၊ တိုင်းပြည်ကို တကယ် ပြောင်းလဲချင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပြည်သူလူထု တစ်ရပ်လုံးကို ကွန်မြူနစ်ဆိုပြီး မဟုတ်မဟတ် တံဆိပ်ကပ်ဖို့ ကြိုးစားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly