သုံးနှစ်ဆက်တိုက် မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုကို ဆီဆာရယူ

သုံးနှစ်ဆက်တိုက် မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုကို ဆီဆာရယူ
မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုဖလားနှင့်အတူ ရန်ကုန်အသင်းတို်က်စစ်မှူး ဆီဆာအား တွေ့ရစဉ် (ဓာတ်ပုံ- ရဲဟိန်း)

အောက်တိုဘာ ၃၁၊ ရန်ကုန်။          ။ ယခုနှစ် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် သွင်းဂိုးစုစုပေါင်း ၂၈ ဂိုးဖြင့် ဂိုးသွင်းဘုရင်ဆု ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆီဆာသည် မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုကို သုံးနှစ်ဆက်တိုက်ရယူပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။

အသက် ၂၉ နှစ် အရွယ်ရှိ ဘရာဇီးလူမျိုး ဆီဆာသည် ရန်ကုန်ယူနိုက်တက်အသင်းသို့ ဘရာဇီးကလပ် ဘက်ကာဘယ်အသင်းမှ ၂၀၁၂ တွင် ပြောင်းရွေ့လာခဲ့သည့် ကစားသမားတစ်ဦး ဖြစ်သည်။

၎င်းသည် ရန်ကုန်အသင်းသို့ ရောက်ရှိပြီး ၂၀၁၃ ဘောလုံးရာသီတွင် သွင်းဂိုး ၂၆ ဂိုးသွင်းယူပေးကာ ဂိုးသွင်းအများဆု စတင်ရယူနိုင်ခဲ့သလို ရန်ကုန်အသင်း ချန်ပီယံဖြစ်အောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။ နောက်ရာသီများတွင်လည်း ၂၀၁၄ ခုနှစ်တွင် သွင်းဂိုး ၃၃ ဂိုး၊ ယခုနှစ် ၂၀၁၅ ခုနှစ်တွင် သွင်းဂိုး ၂၈ ဂိုးတို့ဖြင့် သုံးနှစ်ဆက် ဂိုးသွင်းအများဆုံးဆု ရယူနိုင်ခဲ့သည်။

‘‘ ဂိုးတွေ သွင်းယူပေးနိုင်တာက ကစားဖော်တွေရဲ့ ပံ့ပိုးမှုကအဓိကကျပါတယ်။ အဲဒီအတွက်လည်း ကစားဖော်တွေကို ကျေးဇူးတင်ပါတယ် ’’ ဟု ချင်းအသင်းကိုအနိုင်ရရှိခဲ့သည့် ပွဲအပြီး၌ ရန်ကုန်အသင်းတိုက်စစ်မှူး ဆီဆာကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီတွင် ၁၆ ပွဲနိုင် ၃ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ဖြင့် သွင်းဂိုး ၆၀ ထိ သွင်းယူကာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆုကို   လေးကြိမ်မြောက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly