ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် မသေချာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် မသေချာ

ရန်ကုန်၊ မတ်လ ၇။            ။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လအတွင်း ကျင်းပရန် လျာထားသော်လည်း COVID - 19 ခေါ် ကိုရိုနာဗိုင်းရပ်ကြောင့် ကျင်းပရန် မသေချာသေးဟု ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ မတ်လကုန်မှာ လျာထားတယ်၊ ဒါပေမဲ့လည်း အခုမတ်လထဲ ရောက်လာပြီ ဒီကိုရိုနာဗိုင်းရပ်စ်ကလည်း ဖြစ်နေတာ ဆိုတော့ ရက်က အတိအကျတော့ မသိရသေးဘူး။ ဖြစ်လား မဖြစ်လားဆိုတာလည်း ပြန် ဆွေးနွေး ရအုံးမှာပေါ့ အသိအကျတော့ မသိရသေးဘူး”ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးကို ယခုနှစ် ဧပြီလအတွင်း အစိုးရ၊ တပ် မတော်နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(NCA-S EAOs)တို့မှ ထိပ်သီး ခေါင်း ဆောင်များ ပါဝင်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)က ကျင်းပရန် ဆုံးဖြတ်ထားပြီး ထိုညီလာခံ မတိုင်မီ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် RCSS/ SSA က စီစဉ်နေကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က“ကျွန်တော်တို့ကတော့ ဘာမှ ဆုံးဖြတ်ချက်မရှိဘူး၊ ဖြစ်မယ့်ပုံတော့ မပေါ်ဘူး။ သိပ်နီးလွန်း အားကြီးတယ်လေ၊ ကျွန်တော်တို့ဆီ ဖိတ်စာ တောင် မရောက်သေးပါဘူးဗျ။ ၂၀ ရက်နေ့ စလုပ်တော့မယ်ဗျာ၊ ဒီနေ့အထိ ဖိတ်စာ မရောက်သေးဘူး  ရှမ်း အမျိုးသားအဆင့်ဆိုရင် ဖိတ်စာတွေ အများကြီး ဖိတ်ရမယ်လေ” ဟု ဆိုသည်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လကုန်အတွင်း လင်းခေးတွင် ကျင်းပရန် လျာထားသော် လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျင်းပရေး ကော်မတီနှင့် ပြန်ဆွေးနွေးရန် ရှိသည်ဟု (RCSS/SSA) ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ဆိုသည်။

 “ဒီမတ်လထဲ ကျင်းပမယ် မကျင်းပဘူးဆိုတာ ကျင်းပရေးကော်မတီက အသေးစိတ် ဆွေးနွေးလိမ့်မယ်၊ တကယ်လို့ လုပ်ဖြစ်လို့ ရှိရင် အဲရောဂါကို ဘယ်လို ကာကွယ်မလဲ၊ တကယ်လို့ မလုပ်ဖြစ်လို့ရှိရင် ရက်ကို ဘယ်လို ရွေ့ဆိုင်းမလဲ။ အဲ့မှာ သဘောထား ပြန်ထွက်လာမယ်လေ အတိအကျ”ဟု ၎င်းက ပြောသည်။

NCA အရ လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသည် လူမျိုး အလိုက် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပခွင့်ရှိသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ရှမ်းပြည်ပြန်လည် ထူ ထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်ဖွဲ့ (DKBA)၊ ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ လက်မှတ်ထိုးထားကြသည်။
အဆိုပါ NCA လက်မှတ်ထိုး ၁၀ ဖွဲ့ အနက် ကရင်၊ ချင်း၊ ပအိုဝ်း၊ မွန် လက်နက်ကိုင်အဖွဲ့များက လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly