နိုင်ငံတကာလှူဒန်းငွေများ ရပ်တန့်သွားသဖြင့် ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ကျောင်းအတွက် အလှူရှင်များ ဖိတ်ခေါ်

နိုင်ငံတကာလှူဒန်းငွေများ ရပ်တန့်သွားသဖြင့် ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ကျောင်းအတွက် အလှူရှင်များ ဖိတ်ခေါ်
(ဓာတ်ပုံ -အောင်ကိုဦး/မဇ္ဈိမ)ပုံစာ- ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး အထက်တန်းကျောင်းသို့ မတ်လ ၃ ရက် နံနက်က အလှူ ရှင်များ လာရော လှူဒါန်းနေပုံ

မန္တလေး၊ မတ်၆။                          ။ နိုင်ငံတကာမှ လှူဒါန်းငွေများ ရပ်တန့်သွားသောကြောင့် ကျောင်းသား ကျောင်းသူ ၉၀၀၀နီးပါးကို အခမဲ့ ပညာသင်ကြားပေးနေသည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉လမ်း ၅၉လမ်းနှင့်၆၀လမ်းကြား ဒေါနဘွားရပ်ကွက်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်း ဆက်လက်ရပ်တည်ရန် အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် ပြည်တွင်း အလှူ ရှင်များ လိုအပ်လျှက်ရှိသည်ဟု ဖောတော်ဦး ဆရာတော် ဘဒ္ဒန္တ နာယက ကမိန့်ကြားသည်။

အဆိုပါကျောင်းတွင် မိဘမဲ့ ကျောင်းသား ကျောင်းသူ ၄၀၀ဦးကျော်နှင့် တိုင်းရင်းသားများအပါအဝင် ကျောင်းသား ကျောင်းသူ ၉၀၀၀နီးပါးကို ဆရာ ဆရာမ ၄၀၀ ကျော်ဖြင့် အခမဲ့ ပညာသင်ကြားပေးလျှက်ရှိသည်။

မိဘမဲ့ ကျောင်းသား ကျောင်းသူများ၏ ကျွေးမွေး စရိတ် ဆရာ ဆရာမများ၏ လစာနှင့်လျှပ်စစ်မီတာခအပါအဝင် တစ်လျှင် ကျပ်သိန်း ၆၅၀ ကုန်ကျငွေရှိကြောင်းသိရသည်။ယခင်က နိုင်ငံတကာမှ လှူဒါန်းငွေများ ဖြင့်ဆောင် ရွက်ခဲ့ရာ ယခုအခါတွင် နိုင်ငံတကာမှ လှူ ဒါန်းငွေများ ရပ်တန့်လိုက်သည့်အတွက် ဆက်လက်ရပ်တည်နိုင်ရန် ပြည်တွင်း အလှူ ရှင်များကို ဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု ဆရာတော် ဘဒ္ဒန္တ နာယက ကမိန့်ကြားသည်။

"ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿ နာတွေကြောင့် နိုင်ငံတကာအလှူရှင်တွေ ရပ်သွားတာလည်းဖြစ်ပါတယ်။
နိုင်ငံတကာက လှူဒါန်းမှုတွေနည်းသွားတဲ့အတွက် ပြည်တွင်းအလှူရှင်တွေကိုပဲ အားကိုးမယ်ဆိုပြီးတော့ ပြည်တွင်းအလှူရှင်တွေ ဖိတ်ခေါ်တာဖြစ်ပါတယ်" ဟု ၎င်းက မိန့်ကြားသည်။

ဖောင်တော်ဦး ဘုန်တော်ကြီးသင် ပညာရေးကျောင်းကို မူလတန်းအဖြစ် ၁၉၉၃ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး ၁၉၉၄ခုနှစ်တွင် အလယ်တန်းနှင့် ၂၀၀၀ပြည့်နှစ်တို့တွင် တွဲဖက် အထက်တန်းဖြစ်ခဲ့ သည်။ ကျောင်းစတင်တည်ထောင်စဉ်ကပင် နိုင်ငံတကာမှ လှူ ဒါန်းငွေဖြင့် လည်ပတ်ခဲ့ခြင်းဖြစ်သည်။

ဖော်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအနေဖြင့် ထိုင်းနိုင်ငံနှင့်ချိတ်ဆက်၍ ဖောင်တော်ဦး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကိုလည်း တည်ထောင်လျှက်ရှိရာ နိုင်ငံတကာမှ အလှူ ငွေများ ရပ်တန့်လိုက်သည့်အတွက် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများလည်း ရပ်တန့်ထားရသည်ဟု ဆရာတော်ဘဒ္ဒန္တ နာယက ကမိန့်ကြားသည်။

"ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ဖြစ်ဖို့ ထိုင်းနိုင်ငံက IBC တက္ကသိုလ်နဲ့ချိတ်ဆက်ပြီး တက္ကသိုလ်အဆင့်လုပ်နေပါတယ်။နိုင်ငံတကာရဲ့ ထောက်ပံ့မှုနဲ့ရပ်တည်တာပေါ့။အခုချိန်မှာတော့ ကျောင်းအဆောက်အဦးတွေလည်း တန့်သွားတာပေါ့။နိုင်ငံတကာက မလှူတော့တဲ့အတွက် ကျောင်းအဆောက်အဦးတွေတန့်သွားတယ်"ဟုဆရာတော် ကမိန့်ကြားသည်။

ဖောင်တော်ဦး ဘ/က ပညာရေးကျောင်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပဒေသာပင်တစ်ခုကို ကျပ်တစ်သိန်းသတ်မှတ်ထားပြီး အလှူ ရှင်များအနေဖြင့် ကျောင်းသို့ ကိုယ်တိုင် လာရောက်လှူဒါန်းနိုင်သလို KBZ Pay 09767119800 U NAYAKA(PPG) နှင့်Wave Money 09767119800 / 09771315038 သို့လည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly