မန္တလေး သီရိမင်္ဂလာကားကြီးကွင်းကို ဒေါနဘွားအဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းသို့ နိုဝင်ဘာလကုန်ပြောင်းမည်

မန္တလေး သီရိမင်္ဂလာကားကြီးကွင်းကို ဒေါနဘွားအဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းသို့ နိုဝင်ဘာလကုန်ပြောင်းမည်

မန္တလေး၊ အောက်တိုဘာ ၃၁ ။             ။ မန္တလေးမြို့၊ ၂၂ လမ်း၊ သီရိမင်္ဂလာကားကြီးကွင်းရှိ ယာဉ်လိုင်းများကို မန္တလေးတောင်အရှေ့ဘက် ဒေါနဘွား အဝေးပြေးကုန်တင် ယာဉ်ရပ်နားစခန်းသို့ နိုဝင်ဘာလအကုန်တွင် ပြောင်းရွှေ့ရမည်ဟု မန္တလေးတိုင်းဒေသကြီးမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက မဇ္ဈိမကိုပြောသည်။

"ပြောင်းရွှေ့ရောက်ရှိလာမယ့် ယာဉ်လိုင်းတွေအတွက် ဂိတ်အခန်းအသစ်တွေ ထပ်ဖြည့်ဆောက်နေတယ်။ ရက်ပိုင်းအတွင်း ပြီးစီးပါလိမ့်မယ်။ နိုဝင်ဘာလကုန်လောက်တော့ အဆင်သင့်ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ သီရိမင်္ဂလာကားကွင်းက ယာဉ်လိုင်းတွေပြောင်းရမယ်။ " ဟု ဝန်ကြီးဦးကျော်ဆန်း ကပြောသည်။

အဆိုပါ ဒေါနဘွား ကုန်တင်ယာဉ်ရပ်နားစခန်းကို ၂၀၁၂ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြုပြင်တိုးချဲ့နေမှုများကို၂၀၁၅ခုနှစ် ဇူလိုင်လ မှစတင်ဆောင်ရွက်လျက်ရှိသည်။ အကျယ်အဝန်းမှာ ၄ဒသမ ၃၈၃ ဧက ကျယ်ဝန်းကာ လက်ရှိတွင် မိုးကုတ်၊ မြစ်ကြီးနား၊ ကလေး စသည် မြို့များသို့ ကုန်စည်ပို့ဆောင်နေသည့် ဂိတ်များသာရှိသည်။

သီရိမန္တလာကားကြီးကွင်းတွင် အထက်မြန်မာပြည်မြို့များသို့ ပြေးဆွဲနေသော ကားဂိတ်ပေါင်း ၁၆၀ ကျော်ရှိပြီး ထိုအထဲမှ ကားဂိတ် ၁၅ ဂိတ်သည် ဒေါနဘွား အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းသို့ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။

ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး)၊ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက "သီရိမင်္ဂလာ ကားကြီးကွင်းမှာက ယာဉ်လိုင်းပေါင်း ၁၆၀ လောက်ရှိတယ်။ လက်ရှိနေရာ၊ လက်ရှိအနေအထားနဲ့က မမျှတော့ဘူး။ ပြောင်းရမယ်ဆိုတဲ့ ယာဉ်လိုင်းတွေကလည်း ဒီမှာ ယာဉ်လိုင်းတွေ လျောက်ထားစဉ်ကတည်းက ဒေါနဘွားကားကွင်းမှာ ဂိတ်ခန်းနေရာရှိတဲ့ ထောက်ခံချက်နဲ့ လုပ်ခဲ့ကြတာပါ။ ဒါကြောင့် ဒေါနဘွားကိုပြောင်းပေးရပါမယ်။ ပြောင်းရွှေ့ဖို့လည်း သုံးကြိမ် အသိပေးအကြောင်းကြားထားပြီးပါပြီ။ "ဟုပြောသည်။

ကားဂိတ်များ မပြောင်းရွှေ့ရရေးအတွက် ယာဉ်ပိုင်ရှင်များနှင့် ကားဂိတ်ပိုင်ရှင်များမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အောက်တိုဘာလ  ၂၉ ရက် က အသနားခံစားတင်ထားသည်ဟုလည်း ဂိတ်ပိုင်ရှင်များကဆိုသည်။

"ကျွန်တော်တို့အနေနဲ့ကတော့ မပြောင်းရွှေ့ချင်ဘူး။ ဒီမှာက အဆင်ပြေတယ်။ ခရီးသည်တွေကလည်း ဒီကိုပဲသိတာလေ။အခုပြောင်းရမယ့်နေရာက လူသိနည်းတယ်။ ခရီးသည်တွေအတွက် လာဖို့လည်း ခက်ခဲတယ်။ ကုန်စည်ဂိတ်တွေပြောင်းတာက ပြဿနာမရှိဘူး။ ခရီးသည်တင်တဲ့ဂိတ် ပြောင်းဖို့ကျတော့ အတော်ခက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အသနားခံစာ တင်ထားတယ်။"ဟု မန္တလေး-မြစ်ကြီးနားပြေးဆွဲနေသော ဂိတ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဗန်းမော်နှင့် မန္တလေးပြေးဆွဲနေသော ယာဉ်ပိုင်ရှင် တစ်ဦးကလည်း "ပြောင်းရမှာကိုတော့ ဝန်လေးတယ်။ ခရီးသည်ရှားမှာကို စိုးရိမ်တယ်။ ကျွန်တော်တို့ ဒီဘက်ပြောင်းသွားတော့ ခရီးသည်က လိုက်လာမှာမဟုတ်ဘူး။ ခရီးသည်ကတော့ လွယ်တဲ့နီးတဲ့ကားကိုပဲစီးမှာလေ။ မပြောင်းချင်ဘူး။ ဒါပေမယ့် ဥပဒေအရကတော့   ပြေးဆွဲစဉ်ကလျောက်ခဲ့တဲ့အတိုင်း  ဒေါနဘွားက   ပြေးရမှာဆိုတော့ ပြောင်းပေးရမှာပဲ"ဟုပြောသည်။

သီရိမန္တာကားကွင်းရှိ ယာဉ်ပိုင်ရှင်များနှင့် ဂိတ်ခန်းပိုင်ရှင်များမှ မပြောင်းရွှေ့ရရေးအတွက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီ၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များနှင့် ရွေးကောက်ပွဲပြီးသည့် အချိန်တွင် တွေ့ဆုံ ညှိနှိုင်မှုများ ပြုလုပ်နိုင်ရန် စီစဉ်သွားမည်ဟု ယာဉ်ပိုင်ဂိတ်ပိုင်များက ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly