ကိုရိုနာ နောက်ဆက်တွဲ

ကိုရိုနာ နောက်ဆက်တွဲ
Photo  - AFP

သန့်ဇော်(သန်လျင်)

နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ကျယ်ကျယ်လောင်လောင် အသံမြည်ပြီး လူသားတွေ စိုးရိမ်လာနေကြတာကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက စတင်ဖြစ်ပွားကူးစက်လာခဲ့တဲ့ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်  (Coronavirus Disease 2019-COVID-19)ပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်လို့ ၃ လအတွင်းမှာပင်  လူ ၉ သောင်းကျော် ကူးစက်ခံနေရပြီး မကြာခင် သောင်းဂဏန်းထိရောက် လာပါ တော့မယ်။ အဲဒီရောဂါကြောင့် သေဆုံးသူကလည်း ၃၂၀၀ ကျော်သွားပြီဖြစ်ပါတယ်။ နေ့စဉ်လိုလို သေဆုံးနေတာဖြစ်ပြီး အဲဒီရောဂါကိုနှိမ်နင်းဖို့ နိုင်ငံတကာ ဆေးသိပ္ပံ ပညာရှင်တွေကလည်း အသည်းအသန် ရောဂါပျောက် ဆေးကို စမ်းသပ်ရှာဖွေနေဆဲပါ။

ခုအချိန်မှာ ဒီရောဂါစတင်ကူးစက်နေတဲ့ ဘယ်နိုင်ငံမှာမဆို ရောဂါပြန်လည် ကင်းစင်သွားတယ်လို့ မရှိဘဲ ထိန်းချုပ်နေတဲ့ကြားက ပိုလို့ ပိုလို့ ဖြစ်ပွားနေတာကိုလည်း နိုင်ငံတကာ သတင်းတွေမှာ ဖတ်ရှုရပါတယ်။ အဆက်အစပ်အဖြစ် ဒီရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေရဲ့ နောက်ဆက်တွဲပြဿနာတွေကလည်း ပြေးကြည့်စရာမလိုဘဲ နိုင်ငံရေး စီးပွားရေး နဲ့ လူမှုရေးတွေကို သေချာပေါက် ထိခိုက်လာတာတွေ တွေ့ရပါတယ်။

ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်  (Coronavirus Disease 2019-COVID-19) ဖြစ်တော့မယ်ဆိုရင် ကိုယ်အပူချိန်တက်လာပြီး ဖျားခြင်း(fever)၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း(fatigue)၊ ချောင်းခြောက်ဆိုး ခြင်း များ(dry cough)နှင့် အသက်ရှုခက်ခဲခြင်း(shortness of breath) သို့မဟုတ် အဆုတ်ရောင်ခြင်း(pneumonia)နှင့် ဆိုးဝါးသောအခြေအနေများ၌ ကျောက်ကပ်ပျက်ဆီးခြင်း(kidney failure)တွေ ဖြစ်လာပြီဆိုရင် သေချာပြီ အဲဒီရောဂါ ဖြစ်ပြီပဲ။

နိုင်ငံတွေမှာ ရောဂါမဖြစ်ခင်က အဲဒီလိုမျိုး ရောဂါကူးဆက်လာမှာကို ကြောက်ရွံ့နေကြပြီး ကာကွယ်ဖို့ အားနည်းနေကြပေမယ့် ရောဂါတွေ ဖြစ်လာပြီဆိုရင် လူတွေဟာ အထိတ်တလန့်ဖြစ်ကြပါတော့တယ်။ ပြင်သစ်နိုင်ငံက အသက် ၅၇ နှစ်ရှိ ပင့်ကူလူသားလို့ နာမည်ကြီးနေတဲ့ Alain Robert ဆိုသူဟာ ဒီနေ့အချိန်မှာ အလွယ်တကူ ကူးစက်တတ်တဲ့ရောဂါက ကိုရိုနာဗိုင်းရပ်စ်မဟုတ်ပါဘူး၊ အကြောက်တရားပါ၊ ဒီရောဂါကိုကြောက် ရွံ့နေကြတဲ့ လူပေါင်း သုံးဘီလီယံလောက်ရှိပါတယ်။ အဲဒီအကြောက်တရားကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး၊ ကြိုးမပါဘဲနဲ့ တက်ပြတာဟာ ကြောက်ရွံ့မှုကို ဖြစ်စေပြီး ကိုရိုနာဗိုင်းရပ်စ်ကလည်း အလားတူ ကြောက်ရွံ့မှုကို ဖြစ်စေပါ  တယ်၊ အကြောက်တရားကို ထိန်းချုပ်ပြီး ယဉ်ပါးသွားအောင်လို့ ကျွန်တော်တို့ ဆွေးနွေးနိုင်ရမှာပေါ့ ဆိုပြီး မိုးမျှော်တိုက်ပေါ်မတွယ်တက်ခင် သူပြောတာကိုလည်း သတင်းတွေထဲမှာ ဖတ်ရပါတယ်။

Photo  - AFP

ဒီသတင်းကိုဖတ်ပြီး ကျွန်တော်တို့နိုင်ငံက ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ် အားလုံးဟာ တစ်ညီတညွတ်တည်း နှာခေါင်းစည်း mask တပ်ထားကြတာကိုလည်း သတိပြုမိလိုက် ပါတယ်။ ဒီလိုအပြုအမူကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်  (Coronavirus Disease 2019-COVID-19)ရှိနေပြီလား ၊ ဖြစ်နေပြီလားဆိုတာရယ် (သို့မဟုတ်) သေချာပေါက်ဖြစ်လာတော့မှာမို့ သိနေတာလား၊  မဖြစ်သေးဘူး မရှိသေးဘူးဘဲထားဦး ၊ သူတို့တွေ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေတာကတော့ သေချာပါတယ်။ ရှေ့မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ တွေလေလေ ရင်လေးလေလေပါပဲ။ နိုင်ငံရေးဆိုတာ ကြက်ဥအရောင် တိမ်ထောင်သဖွယ်. . .ဆိုတော့....။

တောင်ကိုရီးယားမှာလည်း နောက်ဆုံးသတင်းအရ တစ်ရက်တည်းကို ၄၃၅ ဦး ကူးစက်နေပြီး စုစုပေါင်း ၅၆၂၁ ဦး ရှိလာပြီဖြစ်လို့ သေဆုံးသူလည်း ၃၃ ဦးတောင်ရှိလာပါပြီ၊ ကူးစက်မှုကိုလည်း မထိန်းနိုင်သေးဘူး ဖြစ်နေပါ တယ်။ အဲဒီမှာ ကူးစက်ခံနေရသူတစ်ဦးက အပြင်ထွက်ပြီး mask ဝယ်ဖို့ လူအများနှင့် တန်းစီတဲ့အခါ သတင်းထောက်နဲ့ ကင်မရာမင်းတွေ မေးမြန်းရာကနေ ရောဂါဖြစ်နေတာ သိရပြီး ဆေးရုံကို ပြန်လည်ခေါ်သွားရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုရီးယားရဲ့ ပေါ့လျော့မှုဟာ အထိတ်တလန့်ဖြစ်စေခဲ့တယ်လို့ သတင်းတွေထဲလည်း ဖတ်ရပါတယ်။ အဲဒီသတင်းထောက်နဲ့ ကင်မရာမင်းတို့ဟာလည်း မိမိအိမ်မှာပဲ ၂ ပတ်တောင် ခွဲခွာ နေရမှာ ဖြစ်ပါ တယ်။ ကိုရီးယားသမ္မတကလည်း ကူးစက်ရောဂါ ကုသ ကာကွယ်ရေးအသုံးပြုရန်ဆိုပြီး အရေးပေါ်သုံးငွေ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော် အသုံးပြုခွင့် ပေးလိုက်ပါတယ်။ ကူးစက်ရောဂါအတွက် ဆေးစစ်ကုန် ကျစရိတ် ကတော့ လူတစ် ဦးကို ကိုရီးယားမှာတော့ us$ 45 ခန့်၊ ဂျပန်မှာ us$ 50 ခန့်၊
အမေရိကန်မှာ us$ 100 ခန့် ကုန်ကျတယ်လို့ သိရှိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးဟာလည်း ထိတ်လန့်စရာပေပဲ မဟုတ်ပါလား။

ထိုင်ဝမ်မှာတော့ ဆေးရုံကြီးတွေမှာ လူနာကြည့်ဧည့်သည်များကို အခုသတင်းရေးနေတဲ့အချိန် တားမြစ်ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။

အီရန်နိုင်ငံမှာဆိုရင် ကူးစက်သူစုစုပေါင်း ၂၉၂၂ ဦး ရှိနေပြီး နေ့စဉ်ကူးစက်နေတာဖြစ်လို့ သေဆုံးသူကလည်း ၉၂ ဦး ရှိနေပြီဖြစ်ပါတယ်။ သူတို့ဆီက လွှတ်တော်ထဲမှာတောင် လွှတ်တော်အမတ် ၂၃ ဦး ကူးစက်ခံနေရပြီး လွှတ်တော်အမတ်ပေါင်းရဲ့ ၈% ကူးစက်မှုခံနေရတာဖြစ်လို့ လွှတ်တော် အစည်းအဝေးကို ရပ်ဆိုင်း ထားလိုက်ရပါတော့တယ်။ နောက်ဆုံးကြားသိရတာကတော့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဆေးဝါးအခက်အခဲ ဖြစ်နေတဲ့ အီရန်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် အမေရိကန်က အကူအညီပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ကို အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက  ငြင်းပယ်လိုက်တာပဲဖြစ်ပါတယ်။

ဒီလိုပဲ အီတလီ၊ ဂျာမနီ၊ ဂျပန်၊ ပြင်သစ်၊ အမေရိကန်၊ စပိန်၊ စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှား၊ ဆွတ်ဇာလန်၊ အိန္ဒိယ စတဲ့ နိုင်ငံတော်တော်များများမှာ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်  (Coronavirus Disease 2019-COVID-19)ဟာ မနှေးမမြန် ထိန်းချုပ်နေတဲ့ကြားက ကူးစက်နေတာ သိရပါတယ်။ ကမ္ဘာပေါ်မှာ တိုးတက်ပါတယ်ဆိုတဲ့နိုင်ငံတွေတောင် ရောဂါကုသပျောက်ကင်းဖို့ နေနေသာသာ ထပ်မတိုးလာစေဘို့တောင် မလွယ်ကူတဲ့ အနေအထားမှာ ကျွန်တော်တို့နိုင်ငံကရော . .။

သေချာတာတွေကတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရပ်ဝန်း ကျုံ့ကျဉ်းသွားပါလိမ့်မယ်။ အဲဒီ ရောဂါကြောင့်ပဲ နိုင်ငံတကာ ကုန်သွယ်မှုတွေ နှောင့်နှေးသွားပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတောင် အထည်ချုပ် ကုန် ကြမ်းတွေနဲ့ တစ်ခြားလူ့အသုံးအဆောင်တွေ၊ ကွန်ပြူတာတွေ၊ ဟန်းဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ ကို  တရုတ်ပြည်က အဓိကထားတင်သွင်းနေရတာဖြစ်လို့ မကြာခင် အခက်အခဲတစ်ခုကို ရင်ဆိုင်ရတော့မယ့် အနေအထား ဖြစ်နေပါတယ်။ သွင်းကုန်တွေကို မသွင်းနိုင်ကြလို့၊ ပို့ကုန်တွေကိုလည်း တင်မပို့နိုင်ကြတော့လို့ နိုင်ငံတကာ စီးပွားရေးကမောက်ကမ ဖြစ်မယ့် အနေအထားကို ရောက်သွားနိုင်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံကတော့ အဓိကလိုအပ်တာက ရောဂါကာကွယ်ရေးပစ္စည်းတွေနဲ့ ဆေးဝါးပစ္စည်းတွေပဲ ဖြစ်ပါတယ်။ စားစရာတွေကတော့ မြန်မာနိုင်ငံမှာ အရင်ကထက်တောင် ဈေးသက်သာလာနိုင်ဖွယ်ရှိနေပါတယ်။ အခြားလူသုံးကုန်ပစ္စည်းတွေနဲ့ ဇိမ်ခံပစ္စည်းတွေကတော့ ရောဂါမကင်းစင်ခင်၊ ပျောက်ကင်းတဲ့ဆေး မပေါ်သေးခင်အထိတော့ သည်းခံကြရမှာဖြစ်ပြီး ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်  (Coronavirus Disease 2019-COVID-19) မဖြစ်သေးခင်မှာ ရောဂါနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ လေ့လာကြဖို့ သိရှိကြဖို့ နားစွင့်ထားကြဖို့နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရောဂါဖြစ်နေသူ ဖြစ်နိုင်သူတွေတွေ့ရင် ချက်ချင်း သက်ဆိုင်ရာကို အကြောင်းကြားဖို့ နှိုးဆော်လိုက်ရပါတယ်။   ။

သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly