ဆီးရီးယားတပ်တွေကို တိုက်စစ်ဆင်ရန် သူပုန်တွေ ထိုးစစ်ပြင်

ဆီးရီးယားတပ်တွေကို တိုက်စစ်ဆင်ရန် သူပုန်တွေ ထိုးစစ်ပြင်
Photo  - AFP

မတ်လ ၅။           ။ ဆီးရီးယား အရှေ့မြောက်ပိုင်း အီဒလစ်ပြည်နယ်က အစိုးရတပ် တည်နေရာတွေကို တိုက်ခိုက်ဖို့ တူရကီ ကျောထောက်နောက်ခံတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်ဦး သူပုန်တပ်ဖွဲ့ဟာ ထိုးစစ်ပြင်လျက် ရှိနေပါတယ်။

သူပုန်တွေ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ဆာရာကက်မြို့ထဲ ဆီးရီးယားအစိုးရတပ်တွေ ဝင်ရောက်လာခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီဒလစ်ပြည်နယ်မှာ ဆီးရီးယား အစိုးရတပ်တွေနဲ့ တူရကီတပ်ဖွဲ့တွေကြား ထိပ်တိုက်တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှာ ဒါဇင်များစွာ ကျဆုံးကြပါတယ်။

ဆီးရီးယားတပ်တွေကို တပ်ကူတဲ့ ရုရှရဲ့ တနင်္လာနေ့က လေကြောင်းထိုးစစ်မှာ အရပ်သား ၁၁ အနည်းဆုံး သေဆုံးကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဆီးရီးယားတပ်တွေဟာ ဆာရာကက်တစ်မြို့လုံးကို လုံးလုံး ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ အဆိုပါ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

“ရုရှရဲ့ လေကြောင်းပစ်ကူမှုနဲ့ ဆီးရီးယားအစိုးရတပ်တွေဟာ ဒမတ်စကပ်နဲ့ အလီပို အဝေးပြေးလမ်းမကြီးပေါ်က ဆာရာကက်မြို့ တစ်မြို့လုံးကို လက်ရသိမ်းပိုက်လိုက်နိုင်ပါတယ်။”ဆိုပြီး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

တူရကီ ကျောထောက်နောက်ခံပြုထားတဲ့ သူပုန်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲအပြီး ဆာရာကက်မြို့ထဲ စစ်တပ်က ဝင်ရောက်နိုင်ပြီလို့လည်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနက ကြေညာပါတယ်။

ဒါပေမယ့် သူပုန်ဖက်က ပြောရေးဆိုခွင့်ရှိသူက ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ရဲ့ တပ်တွေဟာ လူသူကင်းမဲ့နေတာကြာပြီဖြစ်တဲ့ အဲဒီမြို့ရဲ့ တစ်စိတ်တစ်ဒေသကိုပဲ သိမ်းပိုက်နိုင်တာလို့ ပြောပါတယ်။

“အာဆတ် တပ်တွေဟာ ဆာရာကက်မြို့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပါတယ်။ မြို့တွင်းမှာ စစ်ပွဲတွေ တော်တော်လေး ပြင်းထန်နေတယ်။”လို့ အမျိုးသားလွတ်မြောက်ရေးတပ်ဦး သူပုန်တပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ နာဂျီမူစတာဖာက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly