ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ဘောလုံးရာသီ ဖျက်သိမ်းပါက ချန်ပီယံဆုအတွက် အာမခံချက်မရှိတဲ့ လီဗာပူးလ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ဘောလုံးရာသီ ဖျက်သိမ်းပါက ချန်ပီယံဆုအတွက် အာမခံချက်မရှိတဲ့ လီဗာပူးလ်
Photos: EPA

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိဘောလုံးရာသီကို ဖျက်သိမ်းတာမျိုး၊ ရွှေ့ဆိုင်းတာမျိုး လုပ်ဆောင်လာပါက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ်ဆိုတဲ့ အာမခံချက်မရှိဘူးလို့ အင်္ဂလန်သတင်းဌာန Telegraph Sport က ဖော်ပြသွားခဲ့ပါတယ်။

ဒီသတင်းဌာနရဲ့ ဖော်ပြချက်အရ ပွဲပေါင်း (၃၈)ပွဲအထိ မကစားရသေးပါက ချန်ပီယံဆုနဲ့ တန်းဆင်းမယ့် အသင်း (၃)သင်းကို ဘယ်လိုမျိုးလုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်စည်းမျဉ်းတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတဝှမ်းက ကျင်းပမယ့် အားကစားပြိုင်ပွဲအများအပြားကို လပေါင်းများစွာ နှောင့်ယှက် ခြိမ်းခြောက်နေပြီးဖြစ်ပါတယ်။

လက်ရှိအချိန်ထိတေ့ ပရီးမီးယားလိဂ်မှာ ပွဲရွှေ့ဆိုင်းမှုတွေ မရှိသေးပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း (၅၀)အထိ ကူးစက်ပြန့်နှံ့နေပြီဖြစ်ပြီး လူပေါင်း ၂,၈၀၀ အထိ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကြောင့် အီတလီဘောလုံးလောကအတွင်း ပွဲစဉ်တချို့ ရွှေ့ဆိုင်းခဲ့ရသလို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရတဲ့အထိ ရှိနေတာလည်းဖြစ်ပါတယ်။

ဆွစ်ဇာလန်အစိုးရကလည်း နိုင်ငံတဝှမ်းက လူ (၁,၀၀၀) နဲ့အထက်ပါဝင်မယ့် ဘယ်လိုပွဲအခမ်းအနားမဆို မပြုလုပ်ဖို့အတွက် သောကြာနေ့က ဆုံးဖြတ်ခဲ့ပြီး ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ လုပ်ဆောင်လာပါတယ်။

တကယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ ဗြိတိန်အစိုးရရဲ့ လမ်းညွှန်ချက်တွေကို လိုက်လုပ်ဆောင်ရမယ်ဆိုရင် လီဗာပူးလ်အတွက် ဖလားရယူဖို့ အခြေအနေက လွဲချော်နိုင်တယ်လို့ သိရတာဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေက (၁၁)ပွဲကစားဖို့ ကျန်နေသေးပြီး လီဗာပူးလ်က အနီးဆုံးပြိုက်ဖက် မန်စီးတီးကို (၂၂)မှတ်ဖြတ်ထားကာ ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားရရှိဖို့ အနီးစပ်ဆုံးဖြစ်တာဖြစ်ပါတယ်။

Ref; Telegraph

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly