ဖိလစ်ပိုင်မှာ ပါးစပ် နှာခေါင်းစည်းတွေတပ်ပြီး စုပေါင်းလက်ထပ်ပွဲကျင်းပ

ဖိလစ်ပိုင်မှာ ပါးစပ် နှာခေါင်းစည်းတွေတပ်ပြီး စုပေါင်းလက်ထပ်ပွဲကျင်းပ
Photo  - AFP

မနီလာ၊ ဖေဖော်ဝါရီ ၂၄ ။                 ။  ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေချိန်မှာ ဖိလစ်ပိုင်နိုင်ငံက မင်္ဂလာမောင်နှံစုံတွဲပေါင်း ၂၂၀ ဟာ ပါးစပ်နှာခေါင်းစည်းတွေတပ်ဆင်ကာ လက်ထပ်ကတိကဝတ် တွေပြုခဲ့ ကြ ပြီး အနမ်းတွေဖလှယ်ခဲ့ကြပါတယ်။

မင်္ဂလာမောင်နှံတွေရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဟာ ကမ္ဘာမှာ လူနှစ်ထောင်ကျော် သေဆုံးစေခဲ့ပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်အံတုလျက် ကမ်းရိုးတန်းမြို့တော် ဘာကိုးလော့မှာ ဖေဖော်ဝါရီ ၂၀ ရက် ကျင်းပတဲ့ စုပေါင်းလက်ထပ်ပွဲကို တက်ရောက်ခဲ့ကြတာပါ။

အဖြူရောင်ဝတ်စုံဆင်မြန်းထားတဲ့ မင်္ဂလာစုံတွဲတွေဟာ မြို့အာဏာပိုင်တွေက စီစဉ်ပေးထားတဲ့ ပါးစပ်နှာခေါင်းစည်းတွေတပ်ဆင်ပြီး မြို့တော်ခန်းမမှာ စုပေါင်းမင်္ဂလာပွဲကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

မင်္ဂလာပွဲပါဝင်ဆင်နွှဲသူတွေအနေနဲ့လည်း ၁၄ ရက်အတွင်းသွားလာခဲ့တဲ့ ခရီးစဉ်အသေးစိတ်တွေကို ကျန်းမာရေး ထောက်ခံချက်အဖြစ် စစ်ဆေးခံကြရပါတယ်။  

ဘာကိုးလော့မြို့မှာ ချစ်သူများနေ့အလွန် စုပေါင်းလက်ထပ်ပွဲကို နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလေ့ရှိပြီး ၂၀၁၃ ခုနှစ်ကလည်း မင်္ဂလာစုံတွဲပေါင်း ၂၀၁၃ တွဲ ပါဝင်ဆင်နွှဲခဲ့ကာ စံချိန်တင်စုပေါင်းလက်ထပ်ပွဲဖြစ်ခဲ့ပါတယ်။  

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာကူးစက်သူ ၃ ဦးတွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ  တရုတ်ပြင်ပမှာ ပထမဆုံးသေဆုံးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ပြည်ပရောက် ဖိလစ်ပိုင်နိုင်ငံသား အနည်းဆုံး ၃၀ ကျော်ခန့်မှာလည်း ကိုရိုနာကူးစက်ခံထားရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly