ဆော်ဒီဘလော့ဂါ ရာအစ်ဘာဒါ၀ီ လွတ်လပ်စွာတွေးခေါ်မှုအတွက် ဆာခါရော့ဗ်ဆုချီးမြင့်ခံရ

ဆော်ဒီဘလော့ဂါ ရာအစ်ဘာဒါ၀ီ လွတ်လပ်စွာတွေးခေါ်မှုအတွက် ဆာခါရော့ဗ်ဆုချီးမြင့်ခံရ

စထရက်စ်ဘော့ဂ်၊ အောက်တိုဘာ ၃၀ ။                ။ ဆော်ဒီဘလော့ဂါ ရာအစ်ဘာဒီဝီသည် ၂၀၁၅ခုနှစ်အတွက် လွတ်လပ်စွာတွေးခေါ်မှု ဆာခါရော့ဗ်ဆုကို အောက်တိုဘာ ၂၉က ချီးမြင့်ခံရသည်။

ယင်းသို့ဆုရကြောင်းကြေညာချက်ကို ပြင်သစ်နိုင်ငံ၊ စထရာဘော့ဂ်တွင် ပြုလုပ်သော ဥရောပပါလီမန်ညီလာခံတွင် ဥရောပပါလီမန်ဥက္ကဋ္ဌ မာတင်ရှုလ်ဇ်က ပြုလုပ်ခဲ့သည်။ ထို့နောက် ဆုလက်ခံယူနိုင်ရန် ရာအစ်ဘာဒါဝီအား လွှတ်ပေးရန်လည်း ရှုလ်ဇ်က ဆော်ဒီဘုရင် ဆယ်လ်မန်ကို မေတ္တာရပ်ခံခဲ့သည်။

ဘာဒါဝီသည် လုပ်ကြံခံရသော ရုရှအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ်၊ ဗင်နီဇွဲလားအတိုက်အခံလှုပ်ရှားမှု Mesa de la Unidad Democratica တို့နှင့် အတူ ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူ သုံးဦးတွင်ပါဝင်သည်။

Free Saudi Liberals ဝက်ဘ်ဆိုက်ရေးသားသူ ဘာဒါဝီသည် ၂၀၁၂ခုနှစ်က အစ္စလာမ်ဘာသာကို စော်ကားမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီး ကြိမ်ဒဏ် တစ်ထောင်နှင့် ထောင်ဆယ်နှစ် ချမှတ်ခံရသည်။

၎င်းသည် ၂၀၁၅ခုနှစ်က ကြိမ်ဒဏ် ၅၀ကိုခံယူပြီးဖြစ်ပြီး ကျန်ရှိသောကြိမ်ဒဏ်များကို ဆိုင်းငံ့ထားသည်။ ၂၀၁၅ခုနှစ် အောက်တိုဘာ အစောပိုင်းက ၎င်းသည် နိုဘယ်စာပေဆုရ  ပြဇတ်ဆရာ ဟာရိုးပင်တာကို ဂုဏ်ပြုသည့်အနေဖြင့် ပေးသော လွတ်လပ်စွာပြောဆိုမှုကိုရပ်တည်ကာကွယ်မှုအတွက် Pen Pinter Prize ကိုလည်းရရှိထားသည်။

ဘာဒီဝီအားပေးဆုမျိုးကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မှုကို ကူညီပံ့ပိုးမှုသော တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများကို ၁၉၈၈ခုနှစ်ကတည်းက ဥရောပပါလီမန်က ဆုချီးမြင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly