မွန်ပြည်နယ်က အသုံးချခြင်းမရှိသော မြေယာများ ပြန်လည်စီစစ်မည်

မွန်ပြည်နယ်က အသုံးချခြင်းမရှိသော မြေယာများ ပြန်လည်စီစစ်မည်

မော်လမြိုင် ဖေဖော်ဝါရီ ၂၀။         ။ မွန်ပြည်နယ်တွင်ခေတ်အဆက်ဆက်ကတည်းက လျှောက်ထားရယူထားသော မြေလွတ်မြေလပ်မြေရိုင်းများလက်တွေ့မှာအသုံးချခြင်းမရှိသည့်မြေယာများကိုပြန်လည် စိစစ်သွားမည်ဟု  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးမှပြောသည်။

“ဒါနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာမြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှုကော်မတီအနေနဲ့ကလည်းယခင်အဆက်ဆက်ကယူထားပြီးတော့အမှန်တကယ်လည်းအသုံးချခြင်းမရှိတဲ့မြေတွေကိုဧကဘယ်လောက်ရှိလည်းဆိုတာကိုစာရင်းအချက်အလက်သေချာတိကျစွာကောက်ယူထားပြီးလည်းဖြစ်ပါတယ်။အဲထဲကအမှန်တကယ်မလုပ်တော့တဲ့မြေလွတ်မြေလပ်မြေရိုင်းတွေကို ပြန်လည်သိမ်းဆည်းခဲ့တာတွေလည်းရှိပါတယ်။ ဒါကြောင့် မြေလွတ်မြေ လပ်မြေရိုင်းတွေကို လျှောက်ထားရယူထားပြီးဘယ်လိုမှ အသုံးချခြင်းမရှိတဲ့ မြေတွေကိုပြန်လည်စိစစ်တဲ့ မည်သည့်အစီအစဉ်မျိုး နဲ့မဆိုပါဝင်ပေါင်း စပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟုဦးထွန်းဌေးကပြောသည်။  

ဖေဖေါ်ဝါရီလ ၁၉ ရက်ကကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့)တွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး၏ မွန်ပြည်နယ်အတွင်းရှိ မြေလွတ်မြေလပ်နှင့်မြေရိုင်းများအားလုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် မည်ကဲ့သို့ ခွင့်ပြုဆောင်ရွက်ထားသည်ကိုသိရှိလို ကြောင်းဆက်စပ်မေးခွန်းမေးမြန်းရာမှာ ဝန်ကြီးကဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ဒေသခံပြည်သူများကမြေလွတ်မြေလပ်မြေရိုင်းများတွင် လုပ်ကိုင်ဆောင်ရွက်နေပေမယ့်လည်းကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်ခွင့်ရရှိရေးတင်ပြလျှောက်ထား  ရမည့်အခြေခံအကြောင်းအရင်း သိရှိခြင်းမရှိကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ဥပဒေအကြောင်းနာလည်တဲ့သူတွေတင်ပြလျှောက်ထားမှုကိုခွင့်ပြုပေးခြင်းဟာဒေသခံတွေနဲ့ ပြဿနာတွေဖြစ်ပေါ်စေခဲ့တယ်လို့ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါက် တာအောင်နိုင်ဦးကဆိုသည်။

ကိုယ်စားလှယ်၏ပြောဆိုမှုနှင့်ပတ်သက်ပြီးဝန်ကြီးဦးထွန်းဌေးက " မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြေလွတ်မြေလပ်မြေရိုင်းတွေလုပ်ကိုင်ခွင့်တင်ပြလျှောက်ထားရာမှာမည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများကိုမျှ ဦးစားပေး ခွင့်ပြုပေးခဲ့ခြင်းမျိုးမဟုတ်ဘဲဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေးနဲ့ အများအကျိုးထိခိုက်မှုမရှိစေဘဲကျေးရွာအဆင့် ရင်းနှီးမြှပ်နှံမှုရေရှည်တည်တံ့ရေးကိုရည်ရွယ်ပြီးလုပ် ကိုင်ခွင့်ပြုပေးတာဖြစ် တယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒါ့အပြင် အချို့ဒေသတွေမှာမြစ်ရေကြီးမှုကိုနှစ်စဉ်ကြုံတွေ့နေရတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာအခက်အခဲမျိုးစုံကြုံတွေ့နိုင်တာကြောင့် ငွေကြေးတတ်နိုင်သောသူများနှင့် နည်းပညာပိုင်းကျွမ်းကျင်သူများ  သာမြေလွတ် မြေလပ် မြေရိုင်းတွေမှာလာရောက်လျှောက်ထားလုပ်ကိုင်စေလိုတယ်လို့ ဝန်ကြီးကဆက်လက်ပြောပါတယ်။  

မွန်ပြည်နယ်တွင် မြေလွတ်မြေလပ်မြေရိုင်းစုစုပေါင်းဧက ၂၄၀၀၀ ဧကကျော်အားလုပ်ကိုင်ခွင့်ပြုထားပြီးအမှန်တကယ်လုပ်ကိုင်ခြင်းမရှိသည့်  မြေလွတ်မြေလပ်မြေရိုင်းဧက ၃၉၀၀ ဧကကျော်အား ၂၀၁၈ ခုနှစ်အတွင်းမှာ အစိုးရအဖွဲ့မှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly