မြန်မာအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲကို လုပ်ပွဲသံသယကြောင့် ဖီဖာ စုံစမ်းစစ်ဆေး

မြန်မာအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲကို လုပ်ပွဲသံသယကြောင့် ဖီဖာ စုံစမ်းစစ်ဆေး
Photos: AFC & EPA

ပြီးခဲ့နှစ်က မြန်မာ့လက်ရွေးစင်အသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲကို လုပ်ပွဲသံသယကြောင့်  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ကြာသပတေးနေ့က ပြောပါတယ်။

မြန်မာအသင်းဟာ မွန်ဂိုလီးယားနဲ့ ဂျပန်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အောက်တိုဘာလက ကာဂျစ္စတန်အသင်းကို ၇-၀ ဂိုးနဲ့ အဝေးကွင်း ဂိုးပြတ်ရှုံးနိမ့်အပြီး ခြေစစ်ပွဲ (၃)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာနဲ့ ကာဂျစ္စတန်အသင်းတို့ဟာ ကမ္ဘာ့အဆင့်ကွာဟချက် သိပ်မရှိတာကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့အပေါ် ဖီဖာနဲ့ အေအက်ဖ်စီရဲ့ လုပ်ပွဲစောင့်ကြည့်ရေးအဖွဲ့ကနေပြီး သံသယရှိခဲ့တာပါ။

"ဖီဖာက စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့်လည်း အခုထိ တွေ့ရှိချက်တွေကိုတော့ ကျနော်တို့ မရရှိသေးဘူး။"လို့ မြန်မာဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

သူက မြန်မာအနေနဲ့ ဒီလိုဖြစ်ရပ်တွေအတွက် "လုံးဝ သည်းခံမှာ မဟုတ်ကြောင်း"၊ နိုင်ငံအနေနဲ့ စုံစမ်းစစ်ဆေးမှုကို အပြည့်အဝ ပူးပေါင်းနေကြောင်း ပြောပါတယ်။

မြန်မာအသင်းဟာ ဆက်တိုက် ရှုံးပွဲတွေ တွေ့ကြုံပြီးနောက်ပိုင်း နည်းပြ အပြောင်းအလဲပြုလုပ်ခဲ့ပြီး သူတို့ရဲ့ ခြေစစ်ပွဲ နောက်ဆုံး(၂)ပွဲကို အနိုင်ရခဲ့ကာ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်မယ့် အခွင့်အလမ်းတစ်ခု ပိုင်ဆိုင်နေခဲ့ပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲစဉ် (၃)ပွဲ ကစားဖို့ ရှိတဲ့ထဲက ကာဂျစ္စတန်နဲ့ အိမ်ကွင်းပွဲစဉ်ကို မတ်လမှာ ကစားရဖို့ ရှိပါတယ်။

အရင်ကလည်း လုပ်ပွဲသံသယနဲ့ ပတ်သက်ပြီး မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းကို ဖီဖာနဲ့ အေအက်ဖ်စီက လာရောက်စစ်ဆေးခဲ့ပေမယ့် သက်သေမခိုင်လုံတဲ့အတွက် လုပ်ပွဲသံသယကနေ ပယ်ဖျက်ပေးခဲ့တယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly