ဖေဖော်ဝါရီ ၂၀ ။ ။ Apple နည်းပညာကုမ္ပဏီ၏ ကွန်ပျူတာပညာရှင်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး cut- copy-paste စသည့် ကွန်ပျူတာလုပ်ဆောင်ချက်များကို တီထွင်ခဲ့သော အသက် ၇၄ နှစ်ရှိ Larry Tesler သည် ဖေဖော်ဝါရီ ၁၇ ရက်က ကွယ်လွန်သွားခဲ့သည်။
အမေရိကန်နွယ်ဖွား Tesler သည် ၁၉၇၃ နှစ်က Xerox Palo Alto Research Center(PARC) ၌ ဝင်ရောက်အလုပ်လုပ်ခဲ့ပြီး Tim Mott နှင့်အတူ Gypsy text editor ကို တီထွင်ခဲ့ကြသည်။
Tesler သည် PARC ၌ ၁၉၇၉ ခုနှစ်က Xerox’s Alto ကွန်ပျူတာနှင့် အသုံးပြုမှုအကြောင်း စတိဗ်ဂျော့ဘ်ကို ရှင်းလင်းတင်ပြရန် တာဝန်ပေးခြင်းခံခဲ့ရသည်။
စတိဂျော့ဘ်သည် Tesler ၏ အရည်အချင်းကို သဘောကျသွားပြီးနောက် Apple ကုမ္ပဏီတွင် လုပ်ကိုင်ရန် ကမ်းလှမ်းခဲ့သည်။ Tesler သည် Apple ကုမ္ပဏီ၌ နှစ်ပေါင်း ၂၀ နီးပါးအလုပ်လုပ်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် သိပ္ပံပညာရှင် အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။ Tesler သည် Lisa, Newton နှင့် Macintosh အပါအဝင် စီမံကိန်းမျိုးမျိုးအတွက် အလုပ်လုပ်ပေးခဲ့သည်။
Tesler သည် လျှော့ချထားသည့် ညွှန်ကြားချက်နည်းဖြင့်ကွန်ပျူတာတွက်ချက်ဆောင်ရွက်မှုစနစ် (Reduced Instruction Set Computer-RISC) သုံး အဆင့်မြင့် စက်ပ္စည်းများ (Advanced RISC Machines - ARM) တွင် Apple အား ရင်းနှီးမြှုပ်နှံစေခဲ့ခြင်းဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ခံခဲ့ရသူလည်းဖြစ်သည်။ iOS device များသည် ARM ကိုအခြေခံသော ပစ္စည်းများဖြစ်သောကြောင့် ခေတ်မီ iPhone များထုတ်လုပ်နိုင်ကာ အဆိုပါရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိနေဆဲဖြစ်သည်။
Tesler သည် ၁၉၉၇ ခုနှစ်တွင် Apple မှထွက်ခဲ့ပြီး Amazon, Yahoo နှင့် 23 and Me စသည့်ကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ကယ်လီဖိုးနီးယားတွင် desktop/web/mobile/TV/print ပိုင်းဆိုင်ရာများအတွက် နည်းပညာဆိုင်ရာကိုင်တွယ်ဖြေရှင်းပုံများ၊ သုတေသန၊ ဒီဇိုင်း၊ ပရိုဂရမ်ရေးဆွဲခြင်းများနှင့်ပတ်သက်ပြီး အတိုင်ပင်ခံအဖြစ်လည်း လုပ်ဆောင်ခဲ့သည်။