အသေးအဖွဲဖြစ်ရပ်ကလေးမှ စစ်ပွဲဖြစ်ပွားလာနိုင်ဟု တရုတ်ရေတပ်အကြီးအကဲက သတိပေး

အသေးအဖွဲဖြစ်ရပ်ကလေးမှ စစ်ပွဲဖြစ်ပွားလာနိုင်ဟု တရုတ်ရေတပ်အကြီးအကဲက သတိပေး

ပေကျင်း၊ အောင်တိုဘာ-၃၀ ။              ။ တရုတ်ရေတပ်၏ အောက်တိုဘာ ၃၀ရက်နေ့က ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုအနေဖြင့် အငြင်းပွားနေသည့် ရေလမ်းကြောင်းတွင် ရန်စသည့် လုပ်ရပ်များကို မရပ်တန့်ပါက အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသကဲ့သို့ တောင်တရုတ်ပင်လယ်တွင် ဘာမဟုတ်သည့် ဖြစ်ရပ်ကလေးမှ စစ်ဖြစ်လာနိုင်ကြောင်း တရုတ် ရေတပ်အကြီးအကဲက အမေရိကန် ရေတပ်အကြီးအကဲကို ပြောကြားခဲ့သည်ဟု ဆိုသည်။

တရုတ်ရေတပ်မှ ကြေညာချက်အရ အောင်တိုဘာလ ၂၉ရက်နေ့က video teleconference ဟုခေါ်သည့် အဝေးမှ ဗွီဒီယိုဖြင့် ဆွေးနွေးရာတွင် တရုတ် ရေတပ်ဗိုလ်ချုပ်ကြီး ဝူရှန်လီက အမေရိကန်   ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျွန် ရစ်ချတ်ဆန်ကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

အောက်တိုဘာလ ၂၇ရက်နေ့က ပိုင်ဆိုင်မှုအငြင်းပွားနေသည့် စပရတ်တလေကျွန်းစုအတွင်းရှိ ပေကျင်း၏ လူလုပ်ကျွန်းအနီး ၁၂မိုင် နယ်နိမိတ်အတွင်းသို့ အမေရိကန် စစ်သင်္ဘော ဝင်ရောက် ခုတ်မောင်းခဲ့ပြီးနောက်တွင် နှစ်နိုင်ငံရေတပ်အကြီးအကဲများ ဗွီဒီယိုဖြင့် ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့အလုပ်အများဆုံး ရေလမ်းကြောင်းတစ်ခုအတွင်းရှိ လူလုပ်ကျွန်းခုနှစ်ခုအနီး တရုတ်က ၎င်းပိုင်ဆိုင်သည်ဟု ကြေညာထားသည့် နယ်နိမိတ်အကန့်အသတ်ကို အမေရိကန်၏ စိန်ခေါ်မှုဖြစ်သည့် ကင်းလှည့်မှုနှင့် ပတ်သက်၍ တရုတ်က ဝါရှင်တန်ကို ပြစ်တင်ရှုတ်ချခဲ့သည်။  

 ‘အမေရိကန်ပြည်ထောင်စုက ဒီလို အန္တရာယ်ကြီးမားတဲ့ ရန်စတဲ့လုပ်ရပ်တွေကို ဆက်လုပ်နေဦးမယ်ဆိုရင် ပင်လယ်ပေါ်မှာရော လေကြောင်းမှာပါ နှစ်ဖက်စလုံးရဲ့ ရှေ့တန်းတပ်ဖွဲ့တွေကြားမှာ အခြေအနေတွေ တင်းမာလာတာကြောင့် အသေးအဖွဲဖြစ်ရပ်ကလေးတစ်ခုကလည်း စစ်ပွဲကို မီးမွှေးပေးနိုင်ပါတယ်’’ဟု ဝူက ကြေညာချက်တွင် ပြောကြားခဲ့သည်။

‘အမေရိကန်ဘက်က နှစ်နိုင်ငံ ရေတပ်နှစ်ခုကြား ခက်ခက်ခဲခဲရယူလာခဲ့တဲ့ အခြေအနေကောင်းတွေကို ထိန်းသိမ်းပြီး ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ဖို့ ရှောင်ကြဉ်မယ်လို့ မျှော်လင့်ပါတယ်’’ဟုလည်း ဝူက ပြောကြားခဲ့သည်။

ထိပ်တိုက်တွေ့မှုများကို ရှောင်လွှဲနိုင်ရန် စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာပါမည့်အကြောင်း နှစ်နိုင်ငံ ရေတပ်အကြီးအကဲများက သဘောတူညီခဲ့ကြသည်ဟု အမေရိကန် အရာရှိတစ်ယောက်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်သင်္ဘောများ အပြန်အလှန်လည်ပတ်ရန် အစီအစဉ်များနှင့် အမေရိကန် အကြီးရေတပ်အရာရှိများ တရုတ်သို့ လည်ပတ်ရန်အစီအစဉ်များကို ပယ်ဖျက်ခြင်းမရှိဘဲ မူလအတိုင်း ပြင်ဆင်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly