ပစ်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေး ရန်ကုန်၌ ကျင်းပနေ

ပစ်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေး ရန်ကုန်၌ ကျင်းပနေ
Photo Credit MPC

အောက်တိုဘာ ၃၀ ရက် ။            ။ အပစ်ရပ်စဲရေးလက်မှတ်ထိုးကြပြီးနောက် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့် ပစ်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ Joint Monitoring Committee (JMC) အစည်းအဝေးကို အောက်တိုဘာ ၂၉ မှစတင်၍ ရန်ကုန်မြို့တွင် ကျင်းပနေသည်။

အစည်းအဝေးတွင် JMC ၏ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ဆွေးနွေးမှုများရှိခဲ့ပြီး ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့်ဟူ၍ အဆင့် ၃ ဆင့်ဖြင့် ဖွဲ့စည်းကြမည်ဟုသိရသည်။ လုပ်ငန်းများကို ဦးဆောင်ရမည့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး စသည်ဖြင့် ရွေးချယ်ရန် ဆက်လက်ဆွေးနွေးကြရဦးမည်။

လတ်တလောတွင် JMC ၌ အစိုးရဘက်မှ ကိုယ်စားလှယ် ၁ဝ ဦးနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁ဝ ဦး ပါဝင်ကြ သည်။ ထပ်တိုး အရပ်သားကိုယ်စားလှယ် အဖြစ် တစ်ဘက်စီမှ ၃ ဦး စီ ရွေးချယ်တင်သွင်းရန် ယေဘုယျသဘောတူထားသည်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် Nationwide Ceasefire Agreement (NCA) ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့တို့ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် နေပြည်တော်၌ လက်မှတ်ထိုးကြသည်။

လက်မှတ်ရေးထိုးပြီးနောက် မွန်းလွဲပိုင်းမှ စ၍ အောက်တိုဘာ ၁၇ ရက်အထိ နေပြည်တော်၌ပင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ပစ်ခတ်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ Joint Monitoring Committee (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ Union Peace Dialogue Joint Committee (UPDJC) တို့ကို ဖွဲ့စည်းခဲ့သည်။

အောက်တိုဘာ ၂၉ အစည်းအဝေးသို့ အစိုးရဘက်မှ တက်ရောက်သူများထဲတွင် ပြည်ထောင်စုဝန်ကြီးတစ်ဦး၊ တပ်မတော်အရာရှိ ၅ ဦး၊ MPC မှ ၄ ဦးဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ NCA လက်မှတ်ထိုး ထားသည့်အဖွဲ့ ၈ ဖွဲ့မှ KNU နှင့် RCSS နှစ်ဦးစီနှင့် ကျန် ၆ ဖွဲ့မှ တစ်ဦးစီဖြစ်သည်။

NCA စာချုပ်သည် လတ်တလောတွင် ယုံကြည်ရမှုအနေအထား မဟုတ်သေးသော်လည်း JMC အဆင့်ဆင့်ဖွဲ့ပြီး၊ လိုက်နာရမည့် စည်းမျဉ်းများနှင့် နှစ်ဘက် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ သတ်မှတ် ပြီးနောက် လူထုအခြေပြုအဖွဲ့များနှင့် နိုင်ငံတကာလေ့လာသူများပါဝင်လာချိန်တွင် ၇၅ ရာခိုင်နှုန်း စိတ်ချရမည်ဟု ဆိုသည်။ ၁၀၀ ရာခိုင်နှုန်း စိတ်ချနိုင်ရမည့် အချိန်သည် နိုင်ငံရေးဆွေးနွေး ပွဲများ ပြုလုပ်ပြီး နှစ်ဘက်သဘောတူညီမှုများရချိန်ဖြစ်သည်ဟု RCSS မှ အကြံပေး ခွန်ဆေကျိုင်ယင်က မြန်မာ့သတင်းစဉ်အား ဖြေကြားထားသည်။

JMC အစည်းအဝေးအား အောက်တိုဘာ ၃၀၊ ၃၁ တို့တွင် ဆက်လက်ကျင်းပကြရန်လျာထားသည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags