လသားအရွယ်ပါတီကြီးရဲ့ ရွေးကောက်ပွဲခြေလှမ်း

လသားအရွယ်ပါတီကြီးရဲ့ ရွေးကောက်ပွဲခြေလှမ်း

မော်လမြိုင် (Myanmar Now) ။            ။ ရာသီဥတုသာယာလှပတဲ့အောက်တိုဘာလ လယ်ပိုင်းညနေခင်းတစ်ခုမှာသံဃာတွေ၊ အရွယ်စုံအမျိုးသား ၊အမျိုးသမီးတွေလိုက် ပါလာတဲ့မော်တော်ယာဉ် တန်းကြီးဟာမွန်ပြည်နယ်မြို့တော်မော်လမြိုင်မှာစီတန်းလှည့်လည်နေပါတယ်။ဒါကတော့ အမျိုးသားတိုးတက်ရေးပါတီ (NDP) ရဲ့ မဲဆွယ်ယာဉ်တန်းပါ။ နေရောင်အောက်မှာ တလွှားလွှားလွင့်ပျံနေ တဲ့ ရွှေရောင်ကဒေါင်းပုံပါ ပါတီအလံတွေတပ်ဆင်ထားတဲ့ကားတွေ ဦးတည်နေတာကတော့  သံလွင်မြစ်ဘေးကမ်းနားဟိုတယ်ရှေ့ ဖြစ်ပါတယ်။

NDPပါတီဟာအမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးကြွေးကြော်သံနဲ့ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းကမှ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဗြုန်းခနဲပေါ်ပေါက်လာတာ ဖြစ်ပေမယ့် ဘဏ္ဍာရေး အဆင်ပြေပြီးတခြားပါတီတွေနဲ့ယှဉ်ရင် နိုဝင်ဘာရွေးကောက်ပွဲဝင်မယ့် လွှတ်တော်အမတ်လောင်းအရေအတွက်ကလည်းစတုတ္ထအများဆုံးဖြစ်ပါတယ်။

ဟိုတယ်ရှေ့မြက်ခင်းပြင်မှာတော့သံဃာအပါး၆ဝခန့်ကထိုင်ခုံတွေနဲ့နေရာယူထားကြပြီး အဲဒီနောက်မှာတော့ထောင်ဂဏန်းနီးပါးလောက်ရှိတဲ့လူအုပ်ကြီးရှိပါတယ်။သူတို့ရဲ့တီရှပ်မှာပါတီတံဆိပ်တွေ ရိုက်နှိပ်ထားပြီးတချို့တီရှပ်မှာတော့  “အမျိုးစောင့်ဥပဒေအောင်ခဲ့ပြီ”ဆိုတဲ့စာတန်းကိုတွေ့ရပါတယ်။စင်ပေါ်ကပါတီဥက္ကဋ္ဌ ဦးနေဇင်လတ်ရဲ့ မိန့်ခွန်းထဲမှာလည်း မျိုးစောင့်ဥပဒေပါဝင်နေပါတယ်။

“နိုင်ငံတိုင်း၊လူမျိုးတိုင်း၊ဘာသာတိုင်းကသူ့နိုင်ငံ၊သူ့လူမျိုး၊သူ့ဘာသာအကျိုးစီးပွားအပေါ်မှာရပ်တည်နေကြပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကျမှကိုယ့်နိုင်ငံရဲ့အမျိုးဘာသာသာသနာနဲ့ကိုယ့်နိုင်ငံရဲ့အကျိုး

စီးပွားကိုရပ်တည်တဲ့အခါမှကျွန်တော်တို့ကျမှမေးခွန်းထုတ်စရာလား" လို့ဦးနေဇင်လတ်ကပြောလိုက်တဲ့အခါမှာတော့ပရိသတ်ကဟေးခနဲအော်သံပေးပြီးတော့လက်ခုပ်တီးအားပေးလိုက်ကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ဘာသာရေးဆိုင်ရာတင်းမာမှုတွေ ပေါ်ပေါက်နေပြီးအများစုကတော့ အင်အား ကြီးမားလာတမဘသအဖွဲ့ရဲ့လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။ မကြာသေးခင်လတွေအတွင်း သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဋ္ဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေတွေဟာလူ့အခွင့်အရေးစံတွေနဲ့ မညီဘူး၊ မွတ်စလင်တွေကိုပစ်မှတ်ထားကန့်သတ်တာဖြစ်တယ် ဆိုပြီးလူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ကြပေမယ့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးကြွေးကြော်သူတွေကတော့ လှိုက်လှိုက်လှဲလဲှ ထောက်ခံနေကြပါတယ်။

NDP ပါတီကတော့ မဲဆွယ်စည်းရုံးတဲ့ကာလအတွင်း ဒီဥပဒေတွေကိုထောက်ခံကြောင်းပေါ်ပေါ် တင်တင်ဟောပြောကြေညာပေမယ့် နိုင်ငံရေးအမြတ် ထုတ်ဖို့အတွက် နိုင်ငံထဲမှာရှိတဲ့လူနည်း စုမွတ်စလင်တွေကိုဦးတည် ဆန့်ကျင်နေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့မော်လမြိုင်မြို့နယ်ဥက္ကဋ္ဌ ဦးသောင်းလှကမွန်ပြည်နယ်မှာရှိတဲ့ သူတို့ပါတီရဲ့ အမတ်လောင်း ၃၁ ဦးမဲဆွယ်ကြရာမှာဘာသာရေး အကြောင်းအရာထည့်သွင်းပြော ဆိုခြင်းမရှိကြောင်းရှင်းပြပါတယ်။ 

“နိုင်ငံရေးနဲ့ဘာသာရေးနဲ့တော့ မရောယှက်စေချင်ဘူး။ ဒီလိုဆိုရင်တော့ ရူပ်ထွေးသွား နိုင်တယ်။ ကျွန်တော်တို့ကတော့ လုံးဝလက်မခံဘူး။  ဘာသာရေးကိုအသုံးချတာမျိုး၊ အလွဲသုံးစားလုပ်တာမျိုးတော့ မဖြစ်စေချင်ဘူး”လို့ ဦးသောင်းလှကပြောပါတယ်။

သုံးလအတွင်းပါတီဝင်တစ်သိန်းကျော်ရှိလာ
NDP ပါတီက ပြည်သူ့လွှတ်တော်အတွက်၁၃၄နေရာ၊အမျိုးသားလွှတ်တော်အတွက်နေရာ၆ဝ၊တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေအတွက်၁၆ဝဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မော်လမြိုင်မြို့ ပါတီပြည်နယ်ရုံးမှာတွေ့ရတဲ့ပါတီရဲ့မူဝါဒရေးရာတာဝန်ခံ၊ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးရှင်ဦးပိုက်တင်ကတော့သူတို့ပါတီမှာငွေကြေးတတ်နိုင်သူအများအပြားပါဝင်တယ်လို့ ဆိုပါတယ်။
အင်တာဗျူးနေချိန်မှာပဲသူ့အနားကလူတချို့ကအဆက်မပြတ်စောင့်ကြည့်ပြီးသူတို့ဖုန်းတွေနဲ့အသံဖမ်း၊ဓာတ်ပုံရိုက်မှတ်တမ်းတင်နေကြပါတယ်။ သူတို့ပါတီဟာအမျိုးသားတိုးတက်ရေးပါတီက ဘာသာရေးနဲ့နိုင်ငံရေးရောထွေးနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီးသူကဖြေရှင်းချက် ထုတ်ပါတယ်။ 

“ကျွန်တော်တို့ မြန်မာနိုင်ငံကိုထေရဝါဒရဲ့နောက်ဆုံးခံတပ်လို့လည်းပြောကြတာလည်းရှိတယ်။ကျွန်တော်တို့ကအထူးသတိဝီရိယထားပြီးတော့ကျွန်တော်တို့ရဲ့ဘာသာ၊သာသာနာကိုစောင့်ရှောက်ရမယ့် တာဝန်ဖြစ်နေတယ်။ဘာသာရေးကိုနိုင်ငံရေးမှာအသုံးချမယ်ဆိုတဲ့သဘောမျိုးတော့မရှိပါဘူး”လို့ဦးပိုက်တင်ကလေးထောင့်ပုံပါဝါမျက်မှန်ကိုပင့်တင်လိုက်ပြီးပြောပါတယ်။

ပါတီဥက္ကဋ္ဌဖြစ်သူဦးနေဇင်လတ်သမ္မတအကြံပေးအဖြစ်ကနှုတ်ထွတ်ပြီးနိုင်ငံရေးပါတီတစ်ခုတည်ထောင်ရန်စတင်နေပြီဆိုတဲ့သတင်းများထွက်ပေါ်နေခဲ့တဲ့၂ဝ၁၅အစောပိုင်းကာလတွေကတည်းကအမျိုးသား တိုးတက်ရေးပါတီဟာအကဲခတ်တွေအာရုံစိုက်စရာနိုင်ငံရေးပါတီတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

NDP ပါတီရဲ့ဒုဥက္ကဋ္ဌဦးအောင်ထွေးကိုဆက်သွယ်မေးမြန်းရာမှာတော့နိုင်ငံအနှံ့မှာပါတီဝင်အင်အားသိန်းနဲ့ချီရှိနေပြီလို့ပြောပါတယ်။

မဲဆွယ်မှုနဲ့ ဘာသာရေး

NDP ပါတီကမဲဆွယ်ဟောပြောရာမှာမျိုးစောင့်ဥပဒေကောင်းကြောင်းထည့်သွင်းပြောကြားရုံတင် မကပါဘူး၊  ပါတီရဲ့မဲဆွယ်အလှပြယာဉ်မှာလည်းပါတီ အမှတ်တံဆိပ်ရွှေရောင်ကဒေါင်းရဲ့ အထက်မှာ အမျိုးစောင့်ဥပဒေကိုအပြည့်အဝထောက်ခံပါသည်လို့ထင်ထင်ရှားရှားရေးသားထားပါတယ်။

မော်လမြိုင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ရောက်ယှဉ်ပြိုင်မယ့်ဦးအောင်ကိုကိုကတော့သူတို့ရဲ့ပါတီကိုဘာသာရေးအဖွဲ့အစည်းတစ်ခုနဲ့ နှိုင်းယှဉ်ပြောဆိုတဲ့အတွက် မကျေမနပ်ဖြစ်နေပုံပေါ်ပါတယ်။

“မဘသနဲ့ကျွန်တော်တို့ကိုပေါင်းပြီးတော့လုပ်တယ်လို့လည်းစွပ်စွဲကြတယ်။ တကယ်ကတော့ ရည်ရွယ်ချက်ခြင်းသွားတူတာဗျ”လို့ ဦးအောင်ကိုကိုကရှင်းပြပါတယ်။

NDP ပါတီရဲ့မဲဆွယ်စည်းရုံးမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေသူတွေအများစုဟာရပ်ကွက်ဆွမ်းတော်ကြီးလောင်းအသင်းတွေကလူငယ်တွေဖြစ်ပြီးပါတီရဲ့မူဝါဒကိုကြိုက်နှစ်သက်သူတွေဖြစ်တယ်လို့ အသက် ၄ဝဝန်းကျင်မော်လမြိုင်ဇာတိမွန်တိုင်းရင်းသားဦးအောင်ကိုကိုကပြောပါတယ်။

သူကရန်ကုန်မှာအခြေချနေသူတစ်ဦးဖြစ်ပြီး၂ဝ၁ဝရွေးကောက်ပွဲမှာရန်ကင်းမြို့နယ်ထဲကရပ်ကွက်တစ်ခုမှာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူပါ။

ဘာသာရေးကိုအသုံးချပြီးမဲဆွယ်မှုတွေလုပ်ကိုင်နေတာကိုမွန်တိုင်းရင်းသားသံဃာအများအပြားကတော့ ပြတ်ပြတ်သားသားကန့်ကွက်ကြောင်းပြောဆိုထားပါတယ်။

ဒေသခံမွန်တိုင်းရင်းသားတွေအပေါ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ရာမညနိကာယဂိုဏ်းကဒုတိယဂိုဏ်းချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဦးသီလစာရကတော့ မျိုးစောင့်ဥပဒေများကိုထောက်ခံတဲ့ ထိပ်တန်းသံဃာတစ်ပါး ဖြစ်ပါတယ်။ သို့သော်လည်းဒီဥပဒေနဲ့ ပတ်သက်ပြီးမဲဆွယ်ရာတွင် အသုံးမပြုသင့်ကြောင်းမော်လမြိုင်မြို့ အနောက်ပဲခူးကျောင်းတိုက်အတွင်း စာသင်သားသံဃာ၈၀၀ခန့် ကိုဗုဒ္ဓစာပေတွေ နေ့ညမပြတ်ပို့ချပေးနေတဲ့ ဦးသီလစာရကမိန့်ကြားပါတယ်။

“အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးတာတော့ ကျေးဇူးတင်ပါတယ်။ပါတီတွေအောင်နိုင်ရေးကတော့ ဘုန်းကြီးတို့ကလိုက်ဟောပြောပေးနေရမှာမဟုတ်ပါဘူး”လို့သက်တော် ၇ဝ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဆရာတော် ကအသံခပ်မှန်မှန်နဲ့မိန့်ပါတယ်။

မဲရရှိရေးအတွက် ဘာသာရေးကိုအသုံးမပြုသင့်ကြောင်းမိန့်ကြားတဲ့ထဲမှာမွန်တိုင်းရင်းသားဆရာတော်တစ်ပါးဖြစ်သူဦးဥက္ကံသကလည်းပါပါတယ်။

"ပါတီကြီးတွေရောအင်အားငယ်တဲ့ ပါတီငယ်တွေရောအနိုင်ရဖို့အတွက် နည်းမျိုးစုံသုံးပြီးတော့ မဲဆွယ်နေတယ်။ဘာသာရေးကိုခုတုံးလုပ်ပြီးမဲဆွယ်ဖို့ကတော့ လုံးဝကိုမဖြစ်သင့်ဘူး”လို့ နိုင်ငံရေးလှုပ်ရှား မှုတွေကြောင့် နာမည်ကျော်အင်းစိန်ထောင်မှာထိန်းသိမ်းခံရတဲ့ဦးဥက္ကံသကမှတ်ချက်ပေးပါတယ်။

မျိုးစောင့်ဥပဒေကိုလွှတ်တော်မှာဆွေးနွေးစဉ်တုန်းကလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်တွေကကန့်ကွက်ခဲ့ကြတာပါ။ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အစိုးရဖွဲ့နိုင်ရင် အမျိုးဘာသာ သာသနာကိုစောင့်ရှောက်မှာမဟုတ်ဘူးဆိုတဲ့ဝါဒဖြန့်မှုတွေကမော်လမြိုင်အပါအဝင် တခြားမြို့ကြီးမြို့ငယ်တွေမှာလည်းပေါ်ပေါက်နေပါတယ်။ 

ဘာသာရေးခုတုံးလုပ်စည်းရုံးတာတွေကိုကျေးလက်ဒေသမှာပိုပြီး မြင်တွေ့ရတယ်လို့မော်လမြိုင်နဲ့ကပ်လျက်ပေါင်မြို့နယ်မှာမဲဆွယ်နေတဲ့ NLD အမတ်လောင်းဒေါ်မိကွန်ချမ်းကပြောပါတယ်။  သူရောသူ့ခင်ပွန်းသည်ပါ ဗုဒ္ဓဘာသာဝင်တွေပါ။ 

“ကျွန်မအမျိုးသားကကုလား၊ ကျွန်မကလည်းဗုဒ္ဓဘာသာမဟုတ်ဘူးဆိုပြီးတော့ ဝါဒဖြန့်နေတာမျိုးတွေကို ကြားနေရပါတယ်” လို့ ဒေါ်မိကွန်ချမ်းကပြောပြပါတယ်။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly