“သံသယ အပြည့်နဲ့ စောင့်ကြည့်ခံရတော့မယ့် ရွေးကောက်ပွဲ”

“သံသယ အပြည့်နဲ့ စောင့်ကြည့်ခံရတော့မယ့် ရွေးကောက်ပွဲ”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံရေးပါတီနဲ့ ပြည်သူတွေက သံသယ ဝင်နေကြတဲ့အထဲ ပိုပြီး သံသယ ပွားစရာ သတင်းတွေ ထပ်ပြီး ထွက်ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ တပ်မတော်ရေတပ်သား အယောက် ၂၀၀ လောက်ရဲ့ မဲစာရင်းတွေဟာ ရန်ကုန်တိုင်း ကိုကိုးကျွန်း မဲဆန္ဒနယ်နဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် မဲဆန္ဒနယ် နှစ်ခုစလုံးမှာ ပါဝင်နေတဲ့ ကိစ္စပါ။ နောက်တစ်ခုကတော့ မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်မြေမှာ မဲပေးခွင့်ရသူ စာရင်း ၁၄၀၀၀ နီးပါးရှိရာမှာ လူ ၅၀၀၀ ကျော်လောက်ရဲ့ မဲစာရင်း ပို ပြီးပါနေတဲ့ ကိစ္စပါ။ ဒီပြသနာတွေ ဘယ်လို ဖြစ်ရတာပါလဲ၊ ဒီ ပြသနာကြောင့် နောင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပထမ ပြသနာက ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ် အမှတ် ၂၇ ရေတပ်စခန်း နဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ပမ္မဝတီ ရေတပ် စခန်းမှာ ရှိတဲ့ မဲစာရင်းတွေကို အင်န်အယ်လ်ဒီ ပါတီဝင်တွေက တိုက်ဆိုင် စစ်ဆေးကြည့်ရာမှာ တွေ့ရှိတဲ့ အချက်ပါ။ ဒါနဲ့ ပါတ်သက်ပြီး ကိုကိုကျွန်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကလည်း တပ်မတော်သား ၁၉၁ ယောက်ရဲ့ မဲစာရင်းတွေ တူနေတာ မှန်တယ်လို့ အတည်ပြုချက် ပေးပြီးပါပြီ။ တကယ်တော့ လူတစ်ယောက်၊ တပ်မတော်သား တစ်ယောက်ဟာ မဲဆန္ဒနယ်မြေ နှစ်ခုမှာ မဲစာရင်းပါနေတာမျိုး မဖြစ်သင့်ပါဘူး။ မဖြစ်အောင် လုပ်ရမယ့် တာဝန်ဟာ တပ်မတော် ရေတပ် တာဝန်ရှိသူတွေနဲ့ ကော်မရှင် နှစ်ဖက် စလုံးမှာ တာဝန်ရှိပါတယ်။ အဓိပ္ပါယ်ကတော့ အဲလို မဲစာရင်း နှစ်နေရာမှာ ပါနေတာကြောင့် မဲ မသမာမှု ဖြစ်နိုင်ဖွယ် ရှိလို့ပါပဲ။

အဲဒီ တပ်မတော်သား တစ်ယောက်ဟာ တစ်နေရာမှာ ကြိုတင်မဲပေးပြီး အခြား တစ်နေရာမှာ မဲပေးတဲ့ နေ့ကျမှ ရိုးရိုး မဲသွားပေးရင် ဘယ်သူမှ တားဆီးလို့ ရမှာ မဟုတ်ပါဘူး။ တကယ်လည်း ကိုကိုးကျွန်း အမှတ် ၂၇ ရေတပ်စခန်းမှာ မဲပေးခွင့်ရှိသူ ၆၃၄ ယောက်အနက် ၃၄၁ ယောက်ဟာ ကြိုတင်မဲပေးဖို့ စာရင်း တင်ထားပြီးပြီလို့ ဆိုပါတယ်။ တကယ်လို့များ အဲဒီထဲမှာ မဲစာရင်း ထပ်နေသူတွေ ပါဝင်ရင် ကိုကိုးကျွန်းမှာလည်း ကြိုတင်မဲပေး၊ ဧရာဝတီတိုင်း ပမ္မဝတီ ရေတပ် စခန်းမှာလည်း ပုံမှန်မဲပေး ဆိုတာမျိုး ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ဒီ ပြသနာဟာ စေ့စပ်သေခြာမှု ရှိတဲ့ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်လို့ သိရတဲ့ အချက်ပါ။ အခြား တပ်ရင်း တပ်ဖွဲ့က အခြေအနေတွေ၊ ဝန်ထမ်း မဲစာရင်းတွေနဲ့ ပတ်သက်လို့ကတော့ ခုလို စုံစမ်းဖော်ထုတ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

အလားတူ မန္တလေး မဟာအောင်မြေ မြို့နယ်၊ ရန်ကုန် တောင်ဥက္ကလာပ မြို့နယ် နဲ့ မြို့နယ် အတော်များများမှာ ဖြစ်ပေါ်နေတဲ့ မဲစာရင်း ပိုလျှံမှု ပြသနာကလည်း အလားတူ ပြသနာ မျိုးပါပဲ။ မဟာအောင်မြေ မြို့နယ် မဲစာရင်းမှာ လူ အယောက် ၁၄၀၀၀ လောက် ဖော်ပြထားတဲ့အနက် တကယ်နေထိုင်တာ ၉၀၀၀ တောင် မပြည့်ပါဘူး။ လူစာရင်းမှာ အယောက် ၅၀၀၀ ကျော် ပိုနေတာပါ။ ရာခိုင်နှုန်းနဲ့ တွက်ရင် တကယ်နေထိုင်တဲ့ သူအရည်အတွက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက် ပိုနေတာပါ။ တောင်ဥက္ကလာပ မြို့နယ် ကတော့ ပိုဆိုးပါတယ်။ တကယ်နေထိုင်သူတွေထက် မနေပဲ စာရင်းထဲ ရောက်နေသူတွေက ပိုများနေတာပါ။ မြန်မာနိုင်ငံတွင်းက သတ်မှတ် မြို့နယ် ၃၃၀ အနက် အဲလို စာရင်း အပိုတွေ ထွက်နေတဲ့ မြို့နယ် အများကြီး ရှိနေနိုင်ပါသေးတယ်။

အဲဒီလို မဲစာရင်းထဲ ပိုနေတဲ့ ကိစ္စ ဖြစ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။ ပထမ တခုကတော့ မဲမသာမှု ဖြစ်နိုင်တာပါ။ လူတစ်ချို့၊ တပ်မတော်သား တစ်ချို့၊ ဝန်ထမ်းတစ်ချို့ဟာ တစ်နေရာမှာ ကြိုတင်မဲ ပေးပြီးနောက် တကယ် မဲပေးမယ့် နေ့ ကျရင် အဲဒီလို လူမနေတဲ့ နာမည် တစ်ခုကို အသုံးပြုပြီး အခြား တစ်နေရာရာမှာ မဲသွားပေးနိုင်ပါသေးတယ်။ အခု ဖြစ်ရပ်ကိုကြည့်ပြီး ဝန်ထမ်းတစ်ချို့၊ လူတစ်ချို့ဟာ တပ်မတော် ရေတပ်သားတွေလို နှစ်နေရာ ဒါမှမဟုတ် နှစ်နေရာ မကမှာ မဲစာရင်းတွေ ပါနေနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ တကယ်လို့ အဲလို ဖြစ်တာဟာ ကြိုတင် ပြင်ဆင် ထားတဲ့ ကြံစည်မှု ဆိုရင် အလွန်စိုးရိမ်စရာ ကောင်းပြီး မဲဆန္ဒနယ်မြေ တစ်ခုချင်းစီရဲ့ မဲရလာဒ်ကိုလည်း ပြောင်းလဲ သွားစေနိုင်ပါတယ်။

နောက်ထပ် ဖြစ်လာနိုင်တဲ့ ပြသနာကတော့ မဲစာရင်း တွက်ချက်မှုပါ။ မဲစာရင်းမှာ လူတွေ ပိုနေတာဟာ အမတ်လောင်းတွေ မဲရရှိမှု၊ မဲ အသာနဲ့ အနိုင်ရရှိမှု အပေါ် အကျိုးသက်ရောက်မှု မရှိပေမယ့် အနိုင်ရတဲ့ အမတ်လောင်း အပေါ် ပြည်သူလူထု ထောက်ခံမှုကို တွက်ချက်ရာမှာ၊ နိုင်ငံရေးပါတီ တစ်ခုအပေါ် ပြည်သူလူထု ထောက်ခံမှုကို တွက်ချက်ရာမှာ မှားယွင်းမှု အများကြီး ကြုံရနိုင်ပါ တယ်။ ပြည်သူ တစ်ချို့ မှတ်မိကြပါလိမ့်ဦးမယ်။ အရင် စစ်အာဏာရှင်တွေဟာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် နဲ့ အပြတ်အသတ် အနိုင်ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံခဲ့ကြပါဘူး။

တစ်ကြိမ်တစ်ခါမှလည်း လွှတ်တော် ခေါ် မပေးခဲ့ဖူးပါဘူး။ ဒါပေမယ့် အဲဒီခေတ် အဲဒီ အခါက ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာတွေမှာ ဆောင်းပါးတွေရေးကြတော့ တိုင်းပြည်မှာ မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက်ရှိတယ်၊ အဲဒီထဲကမှ အင်န်အယ်လ်ဒီ အမတ်တွေကို မဲပေးတဲ့သူ ရာခိုင်နှုန်း ဘယ်လောက်ပဲ ရှိတယ်၊ ဒါကြောင့် ထောက်ခံသူ သိပ် များများစားစား မရှိလှဘူး ဆိုပြီး အမြဲတစေ ဆင်ခြေပေး ပြောဆိုခဲ့ပါတယ်။ ပါတီ တစ်ခုက အမတ်တွေ ရတဲ့ မဲကို မဲပေးပိုင်ခွင့် ရှိသူ စာရင်းနဲ့ တွက်ချက်ပြီး ဖော်ပြတာမျိုးပါ။ ၂၀၁၅ ရွေးကောက်ပွဲ အလွန်ကာလ မှာလည်း အာဏာပိုင်တွေဟာ အဲလို မှန်ကန်မှု မရှိ၊ ဖေါင်းပွနေတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲစာရင်း ကိန်းဂဏန်း အချက်အလက်တွေကို ကိုးကားတွက်ချက် ပြောဆိုလာနိုင်ဖွယ် ရှိနေလို့ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ အလွန်နီးကပ်လာတဲ့တိုင် ပြိုင်ပွဲဝင်မယ့် အမတ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲ ကော်မရှင်ကို မယုံမကြည် သံသယ နဲ့ ကြည့်နေကြရတဲ့ အခြေအနေပါ။ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရတဲ့ အခြေအနေပါ။ အတော့်ကို သိသာ ထင်ရှားလွန်းတဲ့ ကိုကိုးကျွန်းနဲ့ ငပုတော မြို့နယ်မှာ ရေတပ်သား ၂၀၀ လောက် မဲစာရင်း နှစ်နေရာ ပါနေတဲ့ ကိစ္စကိုတော့ တစ်နေရာကနေ ဖျက်ပေးလိုက်ပါပြီ။ ဒါပေမယ့်လည်း မြို့နယ် အလိုက် ပိုနေတဲ့ စာရင်းတွေကိုတော့ လုံး၀ ဖျက်ပေးတာ မတွေ့မမြင်ကြရပါဘူး။ ဒီအတွက် လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ သံသယ အပြည့်နဲ့ စောင့်ကြည့်ခံရမယ့် ရွေးကောက်ပွဲသာ ဖြစ်မယ့်အကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags