ဖေဖော်ဝါရီ ၁၆ ။ ။ ထိုင်းမှာ ပြီးခဲ့တဲ့ အပတ်တုန်းက လူရမ်းကား စစ်သားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ၂၉ ဦးအတွက် ရည်စူးပြီး ဖေဖော်ဝါရီ ၁၅ ရက်မှာ သံဃာတော်အပါး ၁၀,၀၀၀ တို့ စုဝေးကြွရောက်ကာ ဆုတောင်းအမျှဝေပေးခဲ့ကြပါတယ်။
ဒီအခမ်းအနားကိုတော့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ နက်ခွန် ရတ်ချာဆီမာ မြို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူတွေအတွက် ရည်စူးပြီး အခမ်းအနား တက်ရောက်လာကြတဲ့ ဒကာ၊ ဒကာမတွေက သံဃာတော်တွေကို လှူဖွယ် ပစ္စည်းတွေလည်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသေးတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်မှာတော့ ရက်စက်ကြမ်းကြုတ်တဲ့ ဂျကရာပန်သ် သွန်မာ အမည်ရ ထိုင်းစစ်သားရဲ့ စိတ်ရူးပေါက်ပြီး ပစ်ခတ်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုကို ကျူးလွန်တဲ့ သွန်မာကိုတော့ နောက်တစ်နေ့ မနက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသေပစ်သတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။
အကြွေးကိစ္စတစ်ခုနဲ့ပတ်သက်လို့ အငြင်းပွားမှု ဖြစ်ပြီး သွန်မာဟာ ဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထုတ်ပြန်ခဲ့ပါတယ်။