ရခိုင်ပြည်နယ်က စာစစ်ဌာန ၂၀ ကို နေရာပြောင်းရွေ့မည်

ရခိုင်ပြည်နယ်က စာစစ်ဌာန ၂၀ ကို နေရာပြောင်းရွေ့မည်
ပုံ - မောင်ကံ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၅။            ။ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုအတွင်းရှိ ကျေးလက်ဒေသမှာရှိသော တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်ဆေးမည့် စာစစ်ဌာန (၂၀)ကို လုံခြုံရေးအရ လုံခြုံသည့်နေရာသို့ ပြောင်းရွေ့ စစ်ဆေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

ယခုလို စာစစ်ဌာနများ ပြောင်းရွေ့စစ်ဆေးရန် စီစဉ်ရခြင်းက ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် သက်ဆိုင်ရာမှ လုံခြုံရေးပေးနိုင်သည့် မြို့နယ်သို့ ပြောင်းရွေ့စစ်ဆေးရန် စီစဉ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက “စာစစ်ဌာနတွေကို ရုပ်သိမ်းတာ မဟုတ်ဘူး၊ ဒီနှစ် အခြေအနေအရ စာစစ် ဌာနတွေကို နေရာရွေ့ပြောင်း ဖြေခိုင်းဖို့ စီစဉ် လိုက်တာ”ဟု ပြောသည်။

ပြောင်းရွေ့ စစ်ဆေးရန် ပြင်ဆင်နေသော စာစစ်ဌာန(၂၀)မှာ ရခိုင်ပြည်နယ်မှ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်နှင့် ဘူးသီးတောင် စသည့် မြို့နယ် ၉ မြို့နယ်အတွင်းရှိ ကျေးလက် ဒေသများမှ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာန ပြောင်းရွေ့ စစ်ဆေးမည့် ကိစ္စကို နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနှင့် အစိုးရ အဖွဲ့အား တင်ပြထားပြီး ပြောင်းရွေ့ စစ်ဆေးမည့်အပေါ် အတည်ပြုချက် မရသေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ စာစစ်ဌာန ပြောင်းရွေ့ စစ်ဆေးမည့် ကိစ္စနှင့်ပတ်သက်ပြီး အစည်းဝေး ကျင်းပပြီးမှ အတည်ပြုနိုင်မည် ဖြစ်ကြောင်း ပြောသည်။

“အစည်းဝေး ရောက်မှပဲ အတည်ပြောလို့ ရမယ်လေ။ လုံခြုံတဲ့ နေရာခေါ်ပြီး စစ်ရမယ်ပေါ့။ လုံခြုံရေး မတည်ငြိမ်တဲ့ နေရာ မှာတော့ ဘယ်လိုလုပ် စစ်လို့ ရမှာလဲ။ စားမေးပွဲဆိုတာက မြန်မာတစ်နိုင်ငံလုံး စာမေးပွဲလေ၊ အခုထိတော့ အစည်းအဝေး မလုပ်ရသေးဘူး”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကတော့ ကျောင်းသူ/ကျောင်းသားများနှင့် မိဘများ တည်းခို နေထိုင် နိုင်ရေး အတွက် အနီးအနားရှိ စာသင်ကျောင်းများမှာ နေရာထိုင်ခင်းများ စီစဉ်ပေးထားမည် ဖြစ်ကြောင်း ပြောသည်။

ထိုသို့ နေရာ ထိုင်ခင်း စီစဉ်ပေးထား သော်လည်း လူအများနှင့် နေထိုင်ရမည် ဖြစ်သည့်အတွက် ကျောင်းသူ/ ကျောင်းသား များ စာဖတ်သည့်အခါ အာရုံစူးစိုက်မှုအပိုင်းမှာ အခက်အခဲ ဖြစ်လာနိုင်ကြောင်း ရသေ့တောင်မြို့နယ် လက်ထောက် ပညာရေးမှူး ဦးဇော်မင်းနိုင်က ပြောသည်။

“ကျောင်းတွေမှာ နေရတယ်ဆိုရင် လူအများနဲ့ ကျောင်းသားတွေက စာဖတ်ရမှာ။ ၁ ရက်၊ ၂ ရက် ဆိုသည့် တိုင်အောင် စာဖတ်တဲ့ အပေါ်မှာ အာရုံစိုက်မှုက အခက်ခဲဖြစ်မယ်။ တချို့ ကလေးတွေက လူအများနဲ့ဆိုရင် စာမဖတ် တတ်။ အဲလိုမျိုး အခက်အခဲတွေ ရှိမယ်” ဟု ၎င်းက ပြောသည်။

မြန်မာ တစ်နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လာမည့် မတ်လ ၁၁ ရက်တွင် စတင် စစ်ဆေး သွားမည် ဖြစ် ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာစစ်ဌာန ၁၂၇ ခုရှိပြီး ဝင်ရောက်ဖြေဆိုမည့် ကျောင်း သူ/သား ဦးရေ ၄၉၀၀၃ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလမှ စတင်ကာ ယခုချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲရှောင် တစ်သိန်းကျော် ရှိနေသလို ဒေသခံများ သွားလာရေး အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly