တောင်တရုတ်ပင်လယ်တွင် တရုတ်ရေတပ်နှင့်အတူ သြစတြေးလျ ပူးပေါင်းစစ်ရေးလေ့ကျင့်မည်

တောင်တရုတ်ပင်လယ်တွင် တရုတ်ရေတပ်နှင့်အတူ သြစတြေးလျ ပူးပေါင်းစစ်ရေးလေ့ကျင့်မည်

ဆစ်ဒနီ၊ အောက်တိုဘာ-၂၉ ။              ။ အငြင်းပွားရေပိုင်နက်အတွင်းရှိ တရုတ်လူလုပ်ကျွန်းများအနီးတွင် အမေရိကန်ရေတပ် ကင်းလှည့်မှုက ပေကျင်းကို ဒေါသူပုန်ထသွားစေခဲ့ပြီး ရက်အနည်းငယ်အကြော အောက်တိုဘာလ ၂၉ရက် ကြာသပတေးနေ့တွင် လာမည့်ရက်သတ္တပတ် တောင်တရုတ်ပင်လယ်အတွင်းအတွင် တရုတ်ရေတပ်နှင့်အတူ သြစတြေးလျ စစ်သင်္ဘောနှစ်စင်းပါ ပူးပေါင်းပါဝင်၍ စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

လာမည့်ရက်သတ္တပတ် အစောပိုင်းတွင် စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုမတိုင်မီ သြစတြေးလျ၏ စစ်သင်္ဘောနှစ်စင်းဖြစ်သည့် HMAS Sturat နှင့် HMAS Arunta တို့မှာ တရုတ်၏ ပင်မတောင်တရုတ်ပင်လယ် အခြေစိုက်စခန်း ကျန်ကျင်းသို့ အလည်အပတ်သွားရောက်မည်ဖြစ်သည်ဟု သြစတြေးလျကာကွယ်ရေးဝန်ကြီး မရိုက်စ် ပိန်းက ပြောကြေားခဲ့သည်။

‘သြစတြေးလျတော်ဝင်ရေတပ်ဟာ တရုတ်အပါအဝင် ဒေသတွင်းရေတပ်တွေနဲ့ ပူးပေါင်းခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းအစဉ်အလာရှိခဲ့ပြီး စစ်စခန်းလည်ပတ်မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေလည်း ပုံမှန်ပြုလုပ်ခဲ့ပါတယ်’ဟု ပိန်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။

‘အောက်တိုဘာလ ၂၇ရက်နေ့က တောင်တရုတ်ပင်လယ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ လှုပ်ရှားမှုတွေကြောင့် အစီအစဉ် ပြောင်းလဲကြန့်ကြာစရာမရှိပါဘူး’’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မည့် နေရာအသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ကျည်အစစ်ဖြင့် လေ့ကျင့်ခြင်းများလည်း ပါဝင်မည်ဟူ၍သာ သြစတြေးလျမီဒီယာက ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၇ရက်နေ့က အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောကို ဆူဘီကျွန်းတန်းအနီးသို့ စေလွှတ်ခဲ့မှုအတွက် တရုတ်က ဝါရှင်တန်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါ အမေရိကန်သင်္ဘောနောက်သို့ တရုတ်က နောက်ယောင်ခံလိုက် သတိပေးခဲ့ကာ အမေရိကန်သံအမတ်ကို ဆင့်ခေါ်ပြီး ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။

အမေရိကန်၏ အဓိကကျသော ဒေသတွင်းမဟာမိတ် သြစတြေးလျမှာ ရေကြောင်းသွားလာရေးလွတ်လပ်ခွင့်ကို အစဉ်သဖြင့် ထောက်ခံလာခဲ့သော်လည်း အမေရိကန်ရေတပ်၏ ကင်းလှည့်မှုကိုမူ ကြိုဆိုရန် နှုတ်ဆွံ့နေခဲ့သည်။

သြစတြေးလျအနေဖြင့် အမေရိကန်ရေတပ်နှင့်သော်လည်းကောင်း၊ မိမိဖာသာသော်လည်းကောင်း အလားတူစစ်ရေးလေ့ကျင့်မှု ပြုလုပ်နိုင်သော်လည်း ထိုသို့ပြုလုပ်ပါက ထိပ်တန်းကုန်သွယ်ဖက် တရုတ်ကို ရန်စသည့် သဘောသက်ရောက်လိမ့်မည်ဟူသော ခန့်မှန်းပြောဆိုမှုများလည်း ထွက်ပေါ်လာနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly