အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ စစ်ဘက်သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ဖိလစ်ပိုင် ပြော

အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ စစ်ဘက်သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ဖိလစ်ပိုင် ပြော
Photo - AFP

ဖေဖော်ဝါရီ ၁၁ ။          ။ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ သမိုင်းဝင် မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကကျတဲ့ သဘောတူညီချက်တစ်ခုကနေ နုတ်ထွက်တော့မယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဖိလစ်ပိုင်က အမေရိကန်ထံ အကြောင်းကြားလိုက်ပြီ ဖြစ်ပါတယ်။

နှစ်ဘက် တပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် လည်ပတ်သွားလာခြင်းဆိုင်ရာ သဘောတူညီချက် (VFA) ကနေ နုတ်ထွက်မယ့် အကြောင်းကို အမေရိကန်ဆီ သတင်းပို့ဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်းရဲ့ အစိုးရအဖွဲ့ကို ညွန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရတဲ့ ဖိလစ်ပိုင် မူးယစ်စစ်ပွဲကို ဦးဆောင်ခဲ့တဲ့ အရာရှိကြီးတစ်ဦးအတွက် ဗီဇာထုတ်ပေးဖို့ ဝါရှင်တန်ဘက်က ငြင်းဆန်ခဲ့မှုအပေါ် ဒေါသထွက်ပြီး သမ္မတ ဒူတာတေးက အထက်ပါအတိုင်း စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကတော့ ယခင်ကာလတွေကတည်းက အရေးပါတဲ့ စစ်ရေးမဟာမိတ် အမေရိကန်နဲ့အကြား ဆက်ဆံရေးကို လျှော့ချပစ်တာ ဒါမှမဟုတ် ဖြတ်တောက်ပစ်တာတို့ လုပ်မယ်လို့ ခြိမ်းခြောက်ထားခဲ့သူ ဖြစ်ပါတယ်။

၁၉၉၈ VFA စာချုပ်ကတော့ ဖိလစ်ပိုင်မြေပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရှိနေခြင်းအတွက် အဓိကကျတဲ့ မူဘောင်စာချုပ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ယင်းဟာ နှစ်စဉ်ပြုလုပ်နေကျ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွက်လည်း အဓိကကျတဲ့ စာချုပ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly