မန္တလေး၊ ဖေဖေါ်ဝါရီ ၇
မန္တလေးမြို့ ၆၂လမ်း ရှိ ကန်တော်နဒီဆေးရုံတွင် ထားရှိသည့် ဝူဟန်ပြန် ကျောင်းသား ကျောင်းသူများနှင့် ပတ်သက်၍ ပြည်သူ လူထု ထိတ်လန့်အောင် လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖြန့်ဝေနေသူများကို ဖော်ထုတ် အရေးယူသွားမည်ဟု ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က မဇ္ဈိမကို ပြောသည်။
"ဘယ်သူတွေ ရေးတယ်ဆိုတာ စုံစမ်းနေပါတယ်။ပြည်သူတွေ ထိတ်လန့်အောင် လုပ်တဲ့အတွက် အရေးယူပါမယ်။"ဟု ဒေါက်တာ ရဲလွင်က ပြောသည်။
Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
ဝူဟန်ပြန် ကျောင်းသားများနှင့်ပတ်သက်၍ ပုံစံအမျိုးမျိုးဖြင့် လူမှုကွန်ရက်တွင် သတင်းအမှားများ ဖြန့်ဝေနေခြင်းကြောင့် ပြည်သူများ ထိတ်လန့်မှု ဖြစ်နိုင်သဖြင့် ယခုကဲ့သို့ အရေးယူနိုင်ရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဝူပြန် ကျောင်းသား ကျောင်းသူ ၅၉ ဦးသည် မန္တလေးမြို့သို့ ဖေဖော်ဝါရီ ၂ ရက်နေ့က ရောက်ရှိခဲ့ပြီး ကန်တော် နဒီဆေးရုံတွင် ထားရှိပြီး စောင့်ကြည့်လျှက်ရှိရာ ယနေ့ အချိန်ထိ ကျန်းမာရေး ကောင်းမွန်ပြီး ဆက်လက် စောင့်ကြည့်နေသည်။