ဖေဖော်ဝါရီ ၇။ ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ပတ်သက်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ယနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ တရုတ်တို့အနေနဲ့ အဆိုပါ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး ကြိုးပမ်းနေတဲ့အတိုင်း အောင်မြင်အောင်လုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ရှီက ထရမ့်ကို ပြောခဲ့တယ်လို့ သိရပါတယ်။
အလားတူ အဆိုပါ ဗိုင်းရပ်စ်အပေါ် တရုတ်တို့ဘက်က နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းချုပ်နိုင်လိမ့်မယ်လို့ အမေရိကန်ဘက်ကလည်း ယုံကြည်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြန်လည် ပြောဆိုခဲ့တယ်လို့ ဆိုရပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံအကြား ဆက်သွယ်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် မြှင့်တင်လုပ်ဆောင်သွားရေး ခေါင်းဆောင်နှစ်ဦးအကြား သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တရုတ်နဲ့အကြား နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ တရုတ်အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အသင့်ရှိနေကြောင်း အမေရိကန် သမ္မတ ထရမ့်က မကြာသေးခင်က တွစ်တာကနေတဆင့် ထုတ်ဖော်ပြောဆိုခဲ့ဖူးပါသေးတယ်။
တရုတ်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုအခါ သေဆုံးသူ ၆၃၆ ဦး ရှိသွားပြီဖြစ်ပြီး စုစုပေါင်း လူပေါင်း ၃၁,၀၀၀ ထက်မနည်း ကူးစက်ခံထားရပြီးဖြစ်ပါတယ်။