“ရှမ်းပြည်နယ်က မြို့နယ်နှစ်ခုနဲ့ မဲဆန္ဒနယ်မြေ တစ်ချို့ကို ရွေးကောက်ပွဲ မကျင်းပ ပေးနိုင်ဘူးလို့ ကြေညာတာ တရားမျှတမှု ရှိပါရဲ့လား”

“ရှမ်းပြည်နယ်က မြို့နယ်နှစ်ခုနဲ့ မဲဆန္ဒနယ်မြေ တစ်ချို့ကို ရွေးကောက်ပွဲ မကျင်းပ ပေးနိုင်ဘူးလို့ ကြေညာတာ တရားမျှတမှု ရှိပါရဲ့လား”

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်တဲ့ နယ်မြေစာရင်းတွေ ထပ်ပြီးတော့ ကြေညာပါတယ်။ အဲဒီနယ်မြေတွေ ကတော့ ရှမ်းပြည်နယ်ထဲက မိုင်းရှူးမြို့နယ် တစ်ခုလုံး၊ ကျေးသီးမြို့နယ် တစ်ခု လုံး၊ တန့်ယန်းမြို့နယ်က ကျေးရွာအုပ်စု ၈ စု၊ ဟိုပန်မြို့နယ် နမ့်တစ်မြို့က ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၇ အုပ်စု ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး အဓိကအား ဖြင့် ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲဝင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ကျားခေါင်းပါတီက လက်မခံနိုင်ကြောင်း ထုတ်ပြန် ကြေညာထားပြီးပါပြီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်ဟာ ဘယ်အတိုင်းအတာအထိ သက်ရောက် သလဲ၊ ဒီလို ထုတ်ပြန်ကြေညာမှုဟာ မှန်ကန်တဲ့ လုပ်ရပ် ဟုတ်ပါရဲ့လား၊ ရွေးကောက်ပွဲကို တရား မျှတမှု ဖြစ်စေမလားဆိုတာ ဝေဖန် သုံးသပ်ကြည့်ကြရအောင်။

အခု ကြေညာချက်အရ မြို့နယ်နှစ်ခုလုံးကို ရွေးကောက်ပွဲ လုံးဝ မလုပ်တော့ဘူး ဆိုတဲ့အ တွက် ရှမ်းပြည်နယ်မှာ ပြည်သူ့လွှတ်တော် ၂ နေရာ၊ ရှမ်းပြည်နယ် လွှတ်တော်အတွက် အမတ်နေရာ ၄ နေရာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် အမျိုးသား လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်နေရာတွေ ထပ်ပြီး လျော့ဦးမလား ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ပါဘူး။ အ နည်းဆုံး မဲဆန္ဒနယ်မြေ ၆ ခုမှာ ရွေးကောက်ပွဲ မလုပ်ဖြစ်တာကတော့ သေခြာသွားတဲ့ သဘောပါ။

ဒီနေရာတွေမှာ အစိုးရတပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲ ဖြစ်နေတယ်၊ ဒါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးပါဆိုပြီး ရှမ်းပြည်နယ်က ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ မှာ တင်ပြ တောင်းဆိုပါတယ်။ အဲလို တင်ပြတောင်းဆိုချက်နဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့အ ကြောင်း၊ အဲဒီ နယ်မြေတွေဟာ SNLD ကျားခေါင်းပါတီကို ထောက်ခံတဲ့ ဒေသ ဖြစ်တာကြောင့် မဲရှုံးမှာ စိုးရိမ်ပြီး ခုလို ကန့်ကွက်ရတာလို့ ဆိုပါတယ်။ ဒါကြောင့် အဲလိုတင်ပြချက်ကို အလျင်အမြန် မဆုံးဖြတ်ပါနဲ့ အဲဒီဒေသမှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ သဘောထားကိုလည်း မေးမြန်း စုံစမ်းပြီးမှ ဆုံးဖြတ်သင့်တယ်လို့ SNLD ကြိုတင် ကြေညာထားပြီးသားလည်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ဒီလို ရွေးကောက်ပွဲ ဖျက်သိမ်းတာ၊ မကျင်းပသေးပဲ ရွှေ့ဆိုင်းတာနဲ့ ပတ်သက် ရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ လုပ်ပိုင်ခွင့်ရှိတာ မှန်ပေမယ့် ဘယ်လို အခြေအနေ မျိုးမှာ အဲလိုလုပ်မယ် ဆိုတာမျိုးကို တိတိကျကျ စည်းကမ်းချက် သတ်မှတ် ထုတ်ပြန်ထားသင့် တယ် ဆိုတဲ့အကြောင်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန် အခြေစိုက်ကာတာ ဖေါင်ဒေး ရှင်းက သူ့ရဲ့ အစောပိုင်း အစီရင်ခံစာတွေမှာ ကြိုတင် ထောက်ပြခဲ့ဖူးပါတယ်။ ဒါပေ မယ့် ရွေးကောက်ပွဲ ကော်မရှင်ကတော့ အဲဒီ အကြံပေးချက်ကို လက်ခံတဲ့ အရိပ်အယောင် မတွေ့ မြင်ရပါဘူး။

နောက် ပြဿနာတစ်ခုကတော့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကို လေးစားသ မှုပါ။ ဘယ်ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်၊ မကျင်းပနိုင်ဘူးဆိုတဲ့ ကိစ္စ သက်ဆိုင်ရာ ပြိုင်ပွဲဝင် နိုင်ငံရေး ပါတီတွေနဲ့လည်း ညှိနှိုင်း တိုင်ပင်ဖို့ သင့်ပါတယ်။ အခု ရွေးကောက်ပွဲ မလုပ် တော့ဘူးလို့ဆိုတဲ့ မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေမှာ ရှမ်းပါတီတွေဖြစ်တဲ့ ကျားခေါင်းနဲ့ ကျားဖြူ အပြင် ပြည်ခိုင်ဖြိုးနဲ့ အင်န်အယ်လ်ဒီကလည်း ဝင်ပြိုင်ကြပါမယ်။ ဟိုပန်နဲ့ တန့်ယန်းမှာဆိုရင် အဲဒီ ပါတီလေးခုအပြင် လားဟူပါတီနဲ့ ဝပါတီတွေလည်း ဝင်ပြိုင်ကြပါဦးမယ်။

အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပုံကတော့ ဘယ်ပါတီကိုမှ တိုင်ပင်ပုံ မရပါဘူး။ တကယ်ဆို ခုလို ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ ကြေညာရတဲ့ အကြောင်းရင်းဟာ တပ်မတော်နဲ့ ရှမ်းတပ်ဖွဲ့ တိုက်ပွဲတွေကြောင့်လို့ ဆိုထားပါတယ်။ ပိုပြီး ဖြစ်သင့်တာက ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်အောင် နှစ်ဖက်စလုံးကို မေတ္တာရပ်ခံ တိုက်ပွဲ ရပ်ဆိုင်းခိုင်းတဲ့ နည်းပါပဲ။

နောက်ထပ် ပြဿနာတစ်ခုက မိုင်းရှူးနဲ့ ကျေးသီးမှာမြို့နယ် ဧရိယာတစ်ခုလုံးကို လုံးဝ ရွေးကောက်ပွဲ လုပ်မပေးနိုင်ဘူးလား ဆိုတဲ့ မေးခွန်းပါ။ တကယ်ဆို ကချင်ပြည်နယ်က အင်ဂျန်းယန် မြို့နယ်မှာ ဆိုရင် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် လုပ်နိုင်တဲ့ နေရာတစ်ချို့မှာ လုပ်တဲ့အတွက် အနည်းဆုံး အမတ်နေရာ ၃ နေရာ ဆုံးရှုံးမှု မရှိနိုင် တော့ပါဘူး။

အင်ဂျန်းယန်မှာဆိုရင် ရွေးကောက်ပွဲလုပ်မယ့် နေရာအားလုံးပေါင်းမှ မဲပေးခွင့်ရှိသူ ဟာ ၁၄၀၀ ကျော်ပါပဲ။ အလားတူ ဆွမ်ပရာဘွမ် ဆိုရင်လည်း မဲပေးခွင့်ရှိသူ ၂၀၀၀ ကျော်ပါပဲ။ ပြောရရင် မိုင်းရှူး နဲ့ကျေးသီးမြို့နယ် တစ်ခုလုံးကို ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာမျိုး မဟုတ်ပဲ ဧရိယာတစ်ချို့ကိုပဲ ဖျက်သိမ်းလိုက်ရင် အမတ် ၆ ယောက်စာ နေရာ ရွေးကောက် တင်မြှောက်နိုင် ပါလိမ့်မယ်။
နောက်ဆုံး စဉ်းစားစရာကတော့ ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့နယ် မဲဆန္ဒနယ်မြေ ပါ။ အဲဒီဒေသမှာ မဲဆွယ်စည်းရုံးတာ လာမလုပ်ဖို့ နယ်ခြားစောင့်တပ်က ခြိမ်းခြောက်ပါတယ်။

တားမြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးသွားတဲ့ အင်န်အယ်လ်ဒီ အမတ်လောင်းတွေနဲ့ ပါတီဝင်တွေကို လက်နက်ကိုင်တွေက ရိုက်နှက်၊ ပစ္စည်းတွေကို ဖျက်ဆီးပစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ အလားတူ ခရီးစဉ်ကိုလည်း ခုလိုပဲ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ ဒီလို နယ်မြေမျိုးမှာရွေးကောက်ပွဲ မဲဆွယ်ပွဲနဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင်ကော်မရှင် ကနေ တပ်မတော်ကို တရားဝင် အကူအညီ တောင်းသင့်ပါတယ်။ တပ်မတော် က အကူအညီပေးပြီး တည်ငြိမ်မှုရှိရင် ရွေးကောက်ပွဲ လုပ်ပေးသင့်ပြီး အဲလို မဟုတ်ဘူးဆိုရင်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေနဲ့ အဲဒီလို နေရာမျိုးကိုသာ ရွေးကောက်ပွဲ ကျင်းပ ခြင်း မလုပ်နိုင်ဘူးလို့ ကြေညာသင့်တာပါ။

အခုတော့ ကော်မရှင်ဟာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကို တိုင်ပင် သဘော ထား တောင်းခံခြင်းလည်း မရှိ၊ နယ်မြေအေးချမ်းအောင် တပ်မတော်ဘက်ကို မေတ္တာရပ်ခံပေးခြင်း လည်း မရှိပါပဲနဲ့ ရွေးကောက်ပွဲ မကျင်းပပေးနိုင်ဘူးဆိုပြီး ထုတ်ပြန် ကြေညာတာဟာ တရားမျှတမှု လုံးဝ မရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags