နိုင်ငံရေး ယဉ်ကျေးမှုသစ်ရဲ့ အကြွင်းအကျန် ကလေးများ

နိုင်ငံရေး ယဉ်ကျေးမှုသစ်ရဲ့ အကြွင်းအကျန် ကလေးများ

ဒီကနေ့မနက်ခင်း ပုဇွန်တောင်ဈေးအနီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး ကားတစ်စီး စက်ပျက်ပြီး လမ်းဘေးကို ထိုးရပ်ပါတယ်။ တချိန်တည်းမှာပဲ အသံချဲ့စက်က မဲဆွယ်စည်း ရုံးရေး သီချင်းဖွင့်ပြီး မောင်းလာတဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကားတစ်စီးက ရပ်ထားတဲ့ ကားကို ကျော်ပြီး သူလည်း ထိုးရပ်လိုက်ပါတယ်။ ပြီးတော့ ကားပေါ်က လူသုံးလေးယောက်ဆင်းလာ ပြီးဘာအကူ အညီပေးရမလည်း ဘာဖြစ်လို့လည်းလို့ မေးပါတယ်။ အစပိုင်းတော့ အမေးခံရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်တွေက ရုတ်တရက် ပြန်မပြောသေးပဲကြောင်ပြီး ကြည့်နေပါသေး တယ်။ ပြီးတော့မှ အကျိုးအကြောင်း ပြန်ပြောပြီး ပြင်လို့ အဆင်ပြေနေပါပြီ ကျေးဇူးတင်ပါတယ် လို့ ပြန်ပြောကြပါတယ်။ ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးကား စက်နှိုးပြီး မောင်းထွက်သွားတော့ ကားနှစ် စီးစလုံး အပြန်အလှန် ပျော်ရွှင်စွာ နှုတ်ဆက်လိုက်ကြပါတယ်။

အခုတလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဒီလို အဖွဲ့အစည်းချင်းမတူတဲ့ နိုင်ငံ ရေး ပါတီနှစ်ခုရဲ့ အပြန်အလှန် နွေးထွေးတဲ့ ဆက်ဆံရေး ထုတ်ဖေါ်ပြကြတဲ့ စာမျက်နှာတချို့ကို တွေ့ရပြန် ပါတယ်။ အထူးသဖြင့် အဓိက ယှဉ်ပြိုင်ဖက် ပါတီကြီးနှစ်ခုလို့ သိရှိထားကြတဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်နဲ့ ပြည်တောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကြီး နှစ်ခု အောက်ခြေအဆင့် ဆက်ဆံရေး အခြေအနေတချို့ကို ဖေါ်ပြတဲ့ စာမျက်နှာများ တွေ့လာရပါတယ်။

အင်တာနက် လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ ထက်မြက်စူးအိမ်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ စည်းရုံးရေး ဆင်းကြတဲ့ပါတီနှစ်ခု သွားဆုံတဲ့အခါ မောင်းဝင်လာတဲ့ အနီရောင်ကားတန်းကို လမ်းဘေးနှစ် ဘက်မှာ တန်းစီရပ်နေတဲ့ အစိမ်းရောင်ဝတ်တွေက လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေတာ အနီရောင် ကားပေါ်ကလူတွေကလည်း ပြန်လှန်ပြီး နှုတ်ဆက်နေတာ အထင်အရှား ဖေါ်ပြထားတာ တွေ့ကြရပါ တယ်။

တခါ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အမေရိကန်အခြေစိုက် CBS သတင်းဌာနနဲ့ တွေ့ဆုံ စကားပြောရာမှာ လာမယ့် ရွေးကောက်ပွဲမှာ မည်သည့် အနိုင်ရ ပါတီကိုမဆို ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ဖေါ် ပြောဆိုသွားခဲ့ပါတယ်။

ဒီအချက်တွေကိုကြည့်ရင် မိမိတို့နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ခတ်စိတ်စိတ် ကြားခဲ့ရတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်လို့ခေါ်တဲ့ အပြောအဆို အပြုအမူများ မှေးမှိန်လာနေတဲ့အချိန်မှာ ဒီလို မြင်ကွင်းမျိုးတွေကို အမှတ်မထင် ပြန်မြင်လာရပြန်တာပါ။ အထူးသဖြင့် အခုလို ယှဉ်ပြိုင်မှုတွေ မြင့်တက်လာနေတဲ့အချိန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ မိမိတို့ လူထုကြီးတရပ် လုံးနိုင်ငံ ရေးစိတ်ခံစားမှု မြင့်မားလာနေတဲ့ အချိန်မျိုးမှာ ဒီလို လှပယဉ်ကျေးပြီး ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ မတူညီမှုကို အသိအမှတ်ပြုပြီး အပြန်အလှန်လေးစားမှုရှိတဲ့ မြင်ကွင်းမျိုး အပြုအမူမျိုးဟာ အင်မတန် ကောင်းမွန်တဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

မိမိတို့နိုင်ငံဟာ သမ္မတ ဦးသိန်းစိန် တက်လာကာစက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစတွေ ဖွင့်စဉ်တုန်းက အဲဒီ နိုင်ငံရေး ယဉ်ကျေးမှုသစ်ဆိုတဲ့ စကားလုံး အဲဒီနိုင်ငံရေး ယဉ်ကျေးမှု သစ်ဆိုတဲ့ အပြုအမူ အပြောအဆိုတွေ ရေပန်းစားခဲ့ဖူးပါတယ်။ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာရ တယ်။ မတူညီတဲ့ အသံတွေကို နေရာအနှံ့ ကြားလာရတယ်။ အမှန်တကယ်တော့လည်း မတူညီမှုကို အသိအမှတ်ပြု ကြိုဆိုပြီး အပြန်အလှန် လေးစားမှုကို အခြေခံတဲ့ လူ့အဖွဲ့အစည်း ရေခံမြေခံ ပေါ်မှာ သာလျင် ဒီမိုကရေစီအပင် ပေါက်နိုင်မှာပါ။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးအချိန်ကစပြီး အဲဒီၤ နိုင်ငံရေးယဉ်ကျေးမှုသစ်ရဲ့အခြေခံမြင်ကွင်းတွေ အသံတွေ မှေးမှိန်သွားခဲ့တယ်လို့ ယူဆရပါတယ်။

ဒါကြောင့်မို့ ယခုလို ခဏတဖြုတ်ကလေးပဲဖြစ်ဖြစ် အမှတ်မထင်ပဲဖြစ်ဖြစ် မြင်လိုက်ရ ကြား လိုက်ရတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်ရဲ့အကြွင်းအကျန်လေးများ လို့ဆိုရမယ့် အဲဒီ အခြေခံမြင်ကွင်းနဲ့ အသံတွေ သည့်ထက်ပိုမိုပီပြင်ပေါ်လွင်လာစေခြင်းဖြင့်သာ လာမယ့် ရွေးကောက်ပွဲကြီးသည်လည်း တည်ငြိမ်အေးချမ်းပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်စေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags