တရုတ်ဆီ သုတေသနအချက်အလက်များ ခိုးရောင်းနေသော ဟားဗတ်တက္ကသိုလ် ဓာတုဗေဒပညာရှင်ကို FBI ဖမ်းဆီး

By The Washington Post
01 February 2020
တရုတ်ဆီ သုတေသနအချက်အလက်များ ခိုးရောင်းနေသော ဟားဗတ်တက္ကသိုလ် ဓာတုဗေဒပညာရှင်ကို FBI ဖမ်းဆီး

ဖေဖော်ဝါရီ ၁။          ။ တရုတ်နိုင်ငံဆီ သိပ္ပံဆိုင်ရာ သုတေသနများ ခိုးရောင်းရန် ကြံစည်မှုဖြင့် ဟားဗတ်တက္ကသိုလ် ဓာတုဗေဒဌာန အကြီးအကဲနှင့် အခြားနှစ်ဦးကို FBI က ဖမ်းဆီးကြောင်း တာဝန်ရှိသူများက ကြေညာသည်။

“ကျွန်တော်တို့နိုင်ငံမှာ စရိတ်စက အကုန်ခံပြီး သုတေသနလုပ်ဆောင်နေတဲ့ အချက်အလက်တွေကို ရရှိအောင် တရုတ်အစိုးရအတွက် တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးပဲဖြစ်ဖြစ် အလုပ်လုပ်ပေးနေတာအတွက် သူတို့ကို ဖမ်းဆီး ရတာဖြစ်ပါတယ်။”ဟု FBI အထူးအေဂျင့် အကြီးအကဲ ဂျိုးဆက်ဘွန်နာဗိုလွန်တာက ပြောသည်။

ကမ္ဘာ့ဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်ရေးအတွက် တရုတ်အစိုးရက အသိဉာဏ်ဆိုင်ရာပစ္စည်းများနှင့် နည်းပညာများ ခိုးယူရန် ကာလရှည်မြုပ်နှံထားသည့် သူလျှိုဒလံလုပ်မှု၏ တစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်နိုင်ခြင်းပဲ ဖြစ် သည်ဟု အမေရိကန်တာဝန်ရှိသူများက ဆိုသည်။

တရုတ်နိုင်ငံက အမေရိကန်ဆီ ခိုးယူနေသည်ဆိုသော ကုန်သွယ်ရေးလျှို့ဝှက်ချက်များ၏ စရိတ်စကသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနေသည်ဟု တာဝန်ရှိသူများက ခန့်မှန်းသည်။

အမေရိကန်တက္ကသိုလ်များအနေဖြင့် ထိုသို့သော သုတေသနဆိုင်ရာ အချက်အလက်များ ခိုးယူမည့်ဘေးကို အရေးယူဆောင်ရွက်သင့်ပြီး ပါမောက္ခများကိုလည်း သေချာစိစစ်သင့်သည်ဟု တရားရေးဝန်ကြီးဌာန အမျိုးသားလုံ ခြုံရေးဌာနခွဲ အကြီးအကဲ ဂျွန်ဒမ်မားက ပြောသည်။

ယခု FBI က ဖမ်းဆီးလိုက်သည့် ဟားဗတ်ပါမောက္ခ ချားလ်လိုင်ဘာသည် တရုတ်နိုင်ငံ ဝူဟန်နည်းပညာသက်မွေးမှုသိပ္ပံအတွက် အလုပ်လုပ်ဆောင်ပေးရန် နှစ်ရှည်စာချုပ် ချုပ်ထားသူဖြစ်သည်ဟု အမေရိကန်တာဝန်ရှိ သူများက ဆိုသည်။

အသက် ၆၀ နှစ်အရွယ် ပါမောက္ခ လိုင်ဘာက အဆိုပါ ဝူဟန်နည်းပညာသက်မွေးမှုသိပ္ပံအတွက် တစ်လလျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် အပြင် နေထိုင်စရိတ်နှင့် ထောက်ပံ့ကြေးစရိတ်များပါ ရရှိပြီး အလုပ်လုပ်ပေးနေသူဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။လိုင်ဘာ၏ ရှေ့နေဖြစ်သူက လတ်တလော ထင်မြင်ချက်ပေးသေးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly