အိန္ဒိယတွင် မွေးနေ့ပါတီပွဲအတုလုပ်ကာ ကလေးများကို ပြန်ပေးဆွဲမှုဖြစ်ပွား

အိန္ဒိယတွင် မွေးနေ့ပါတီပွဲအတုလုပ်ကာ ကလေးများကို ပြန်ပေးဆွဲမှုဖြစ်ပွား

ဇန်နဝါရီ ၃၁ ။           ။ အိန္ဒိယနိုင်ငံ ဥတ္တာပရာဒတ်ရှ်ပြည်နယ် ဖူရူခါဘတ်မြို့က ရွာတစ်ရွာမှာ ဇန်နဝါရီ ၃၀ ရက်က ကလေးမွေးနေ့ပါတီအတုကျင်းပပြီး ကလေး ၂၃ ဦးကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တစ်နှစ်သမီးအရွယ်ကို မွေးနေ့ပါတီကျင်းပပေးခဲ့တဲ့ ဖခင်ဖြစ်သူ Subhash Batham ဟာ အသက် ၆ လမှ ၁၅ နှစ်အတွင်းရှိတဲ့ ကလေးတွေကို ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး ကလေးတစ်ဦးကို ရူးပီး ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ သိန်း ၄ သောင်း) နဲ့ ပြန်ရွေးဖို့တောင်းဆိုခဲ့တယ်လို့ ရဲအရာရှိ Amit Mishra က AFP ကိုပြောပါတယ်။

Subhash Batham ဟာ သူ့သမီးနဲ့ ဇနီးအပါအဝင် ကလေးတွေကို မြေအောက်ခန်းထဲမှာ သေနတ်နဲ့ချိန် ထိန်းသိမ်းထားပြီး ရဲတွေနဲ့ ဖုန်းအဆက်အသွယ်လုပ်ကာ ကလေးတွေကို ငွေနဲ့ပြန်ရွေးဖို့  ညှိနှိုင်းခဲ့တာပါ။

ပြန်ပေးဆွဲသမားနှင့် ကျွန်တော်တို့ ၁၀ နာရီ နီးပါးလောက် ညှိနှိုင်းခဲ့ကြပေမယ့် အချည်းနှီးပါပဲ၊ ကလေးတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာနဲ့ နောက်ဖေးတံခါးပေါက်ကို ဖျက်ဝင်ပြီး သူ့ကိုပစ်သတ်လိုက်ရတာပါ၊ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ ရဲနှစ်ယောက်၊ အရပ်သား တစ်ယောက်၊ ပြန်ပေးဆွဲသမားရဲ့ဇနီးတို့ ဒဏ်ရာရခဲ့တယ်” လို့ Mishra က ပြောပါတယ်။

ထွက်ပြေးဖို့ကြိုးစားတဲ့ ဇနီးကိုလည်း ဒေသခံတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

Subhash Batham ဟာ လူသတ်မှုတစ်ခုကျူးလွန်ခဲ့တယ်လို့  စွပ်စွဲခံထားရသူဖြစ်ပြီး စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နိုင်ကြောင်း ရဲတွေက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly