အနာကြီးရောဂါ လူနာသစ်များ တွေ့ရှိနေရသဖြင့် စိုးရိမ်သည်ဟုဆို

အနာကြီးရောဂါ လူနာသစ်များ တွေ့ရှိနေရသဖြင့် စိုးရိမ်သည်ဟုဆို

မန္တလေး၊ ဇန်နဝါရီ ၃၀၊ ၂၀၂၀ ။                  ။အနာကြီးရောဂါဖြစ်ပွားသည့် လူနာသစ် များကို တွေ့ရှိနေရဆဲ ဖြစ်သော ကြောင့် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသေးကြောင်း ရေနံ့သာ အနာကြီး ရောဂါ ကုဆေးရုံကြီး၊ ဆေး ရုံအုပ်(အငြိမ်းစား) ဒေါက်တာမြတ်သီတာက ပြောသည်။

“ စိုးရိမ်ရတဲ့အကြောင်းအရင်းရှိပါတယ်၊ ကျွန်မတို့ အထူးအစဉ်အနေနဲ့ အနာကြီးရောဂါ အသိပညာပေးဆွေးနွေးပွဲလေးတွေ လုပ်တဲ့အခါမှာ လူနာသစ်တွေ ထွက်လာတယ်ဆိုတာ ကျွန်မတို့ မှတ်တမ်းများမှာရှိပါတယ်၊ ဒီလို မျိုးထွက်လာတယ်ဆိုကတည်းက နောက်ကွယ်မှာ ဘယ်လောက် ရှိလဲဆိုတာကို မှန်းလို့မရပါဘူး၊ အဲဒီအတွက် ကျွန်မမပျော်နိုင်သေးပါဘူး” ဟု ၎င်းကပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အနာကြီးတိုက်ဖျက်ရေး စီမံကိန်း ဖော်ဆောင်နေသော်လည်း ဝန်ထမ်းအင်အားနည်းပါးလာသဖြင့် အနာကြီး ရောဂါ ကုသရေးပိုင်းဆိုင်ရာအား အဓိကထား လုပ်ဆောင်နိုင်မှု နည်းလာ သည် ဟု သိရသည်။

“ အနာကြီးရောဂါက လုံးဝမပပျောက်သေးတဲ့အချိန်မှာတော့ ဖိအားပေး လုပ်ဖို့ လိုပါတယ်၊ အထူးသဖြင့် အနာ ကြီးဆေးက အခုအချိန် အထိ ဆေးယဉ်ပါးမှု ပြဿနာမရှိသေးပါဘူး၊ ဒီပြဿနာ မရှိသေးခင်မှာ ဒီရောဂါကို လုံးဝ မြန်မာနိုင်ငံမြေပေါ်က ကမ္ဘာမြေက ပျောက်အောင် အရှိန်အဟုန် ပြင်းပြင်းနဲ့ လုပ်ဆောင်လိုက်လျှင် အနာကြီးရောဂါ လုံးဝ ပပျောက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ မြတ်သီတာကပြောသည်။

လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားပေးရေး ဌာနအနေဖြင့် အနာကြီး ရောဂါ ကုသမှုပိုင်း ဆိုင်ရာအတွက် လူ အင်အား နည်းလာသည့် ကိစ္စရပ်နှင့် ပက်သက်၍ မေးမြန်းခဲ့ရာတွင် လေဘေး၊ မီးဘေး၊ သဘာဝ ဘေး အန္တရာယ် ကိစ္စရပ်များတွင် INGO, NGO, CSO တို့ကိုအားကိုးနေရပြီး ဝန်ကြီးဌာန အနေဖြင့် ထောက်ပံ့ ရေးပစ္စည်းများကို သာပေးအပ်နိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးသစ်ကပြောသည်။

အနာကြီးရောဂါမှာ အချိန်ကာလကြာမြင့်လျှင် ရောဂါနှိပ်စက်မှု ဒဏ်ကို ပိုမိုခံစားရသည့်အပြင် လွဲမှားသောဆေးကုသမှုပြုလုပ်မိလျှင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုကြုံတွေ့ရနိုင်ကြောင်း မြန်မာနိုင်ငံ အနာကြီးရောဂါ ခံစား ရသူများအသင်း ဥက္ကဌ ဦးစိုးဝင်းကပြောသည်။

“ လွဲမှားသောဆေးကုသမှုတွေကိုခံယူခဲ့ရတဲ့အတွက် ကျွန်တော် ခန္ဓာကိုယ် တွေကို ပေးဆပ်ခဲ့ရပါတယ်၊ နီးစပ်ရာ ဆေးကုထုံးတွေနဲ့ ကုတော့ ကျွန်တော်မှာ ပိုင်ဆိုင်တဲ့ လယ် ၁၆ဧကနဲ့ ကျွဲတရှည်း ဆုံးရှုံးခဲ့ရပါတယ်၊ အဲဒီအခန်း ကဏ္ဍလေးဟာ များစွာသင်္ခန်းစားရနိုင်ပါတယ်၊ ဒါမျိုးတွေမဖြစ်စေဖို့ မီဒီယာတွေက တဆင့်အများပြည်သူသိရှိ အောင်လည်း ပြောပြစေခြင်ပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောသည်။

ရောဂါခံစားရခြင်းကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားလျှင် အလုပ်လုပ် ကိုင်ရမှု အဆင်မပြေခြင်းကြောင့် အစားအစာ ငတ်သည့် အခြေအနေမျိုးထိ ကြုံတွေ့ရသည်ဟု အနာကြီးရောဂါခံစားခဲ့ရသူ ကိုရဲမြင့်ကပြောသည်။

မြန်မာနိုင်ငံ၌ ၂၀၀၄ခုနှစ်တွင် အနာကြီးရောဂါခံစားရသူ ၃၇၅၆ဦး ရှိခဲ့ပြီး လက်ရှိတွင် ၂၃၄ဦးသာ ဖြစ်ပွားမှုရှိ ကြောင်း အနာကြီးရောဂါ တိုက်ဖျက်ရေး ဌာန စာရင်းများအရ သိရသည်

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly