အိန္ဒိယတွင် ဘတ်စ်ကားနှင့်သုံးဘီးကား ခေါင်းချင်းဆိုင်တိုက်ရာ ရေတွင်းထဲထိုးကျ ၂၆ ဦးသေဆုံး

အိန္ဒိယတွင် ဘတ်စ်ကားနှင့်သုံးဘီးကား ခေါင်းချင်းဆိုင်တိုက်ရာ ရေတွင်းထဲထိုးကျ ၂၆ ဦးသေဆုံး

ဇန်နဝါရီ ၂၉ ။                ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ ၂၅၄ ကီလိုမီတာ (၁၅၈ မိုင်) ခန့်အကွာအဝေးရှိ  Nashik မြို့အနီးတွင် ဇန်နဝါရီ ၂၈ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီးနှင့် သုံးဘီးကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး ကားနှစ်စီးစလုံး လမ်းဘေးရှိ ရေတွင်းထဲသို့ ထိုးကျသွားခဲ့ကာ အနည်းဆုံး လူ ၂၆ ဦးသေဆုံးခဲ့သည်။

ခရီးသည် ၄၀ ကျော်တင်ဆောင်လာသည့် ဘတ်စ်ကားနှင့် ၁၀ ဦးတင်ဆောင်လာသည့် သုံးဘီးကားတို့သည် အင်္ဂါနေ့ညနေ ၃ နာရီခွဲခန့်က တိုက်မိခဲ့ရာ  ပေ ၆၀ အနက်ရှိ ရေတွင်းထဲသို့ ကျသွားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးလုပ်သားများသည် ကားနှစ်စီးလုံးကို ရေတွင်းထဲမှ ကရိန်းဖြင့် ပြန်လည် မယူ ခဲ့ကြသည်။ ထိုမတော်တဆမှုကြောင့် ယာဉ်မောင်းအပါအဝင် အနည်းဆုံး လူ ၂၆ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၃၀ ခန့်ကိုလည်း ဆေးရုံတင်ထားရသည်။

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက အဆိုပါ ဖြစ်ရပ်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းပါကြောင်း၊ ဒဏ်ရာရရှိသူများလည်း အမြန်ဆုံးသက်သာစေလိုကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံသည် လမ်းများ ဆိုးရွားခြင်း၊ မော်တော်ယာဉ်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းနှင့် အဆင်အခြင်မဲ့မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ကာ နှစ်စဉ် လူ ၁၅၀ ၀၀၀ ကျော်ခန့် အသက်ဆုံးရှုံးလျက်ရှိပြီး ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် လူအများဆုံးသေဆုံးသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly