အီရတ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှု ဦးနှောက်ထိခိုက်သူ အမေရိကန်တပ်သား ၅၀ ဦးအထိ တိုးလာ

အီရတ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှု ဦးနှောက်ထိခိုက်သူ အမေရိကန်တပ်သား ၅၀ ဦးအထိ တိုးလာ

ဇန်နဝါရီ ၂၉   ။            ။ ဇန်နဝါရီလအစောပိုင်း အီရန်တို့က အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဦးနှောက်ထိခိုက်ဒဏ်ရာ (Traumatic Brain Injury- TBI) ခံစားနေရသည့် အမေရိကန်တပ်သားဦးရေသည် ၅၀ အထိ မြင့်တက်လာကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၈ ရက်က အီရတ်အနောက်ပိုင်းရှိ Ain al-Asad လေတပ်စခန်းတိုက်ခိုက်ခံရမှုတွင် အမေရိကန်တပ်သား ၃၄ ဦး ဦးနှောက်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သော်လည်း အရေအတွက် ထပ်မံတိုးလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တပ်သားတစ်ဦးမျှ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း ကနဦးတွင်ပြောကြားခဲ့သဖြင့် ဒီမိုကရက်အမတ်များက သမ္မတသည် ဒဏ်ရာများကို သေးသိမ်အောင်လုပ်နေကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။

ဦးနှောက်ထိခိုက်ဒဏ်ရာရရှိသူ ၅၀ အနက် ၃၁ ယောက်မှာ အီရတ်တွင်လည်းကောင်း တစ်ယောက်မှာ ကူဝိတ်တွင်လည်းကောင်း  အသီးသီး ဆေးကုသမှုခံယူခဲ့ကြပြီး ယခုအခါ မူလတာဝန်ပြန်လည်ထမ်းဆောင် နေကြပြီ ဖြစ်သည်။ ၁၈ ယောက်မှာ ဂျာမနီတွင်ကုသလျက်ရှိပြီး ဒဏ်ရာရရှိသူအရေအတွက် ထပ်မံပြောင်းလဲနိုင်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Thomas Campbell ကပြောသည်။

အီရန်သည် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီလုပ်ကြံခံရမှုကို လက်စားချေသည့်အနေဖြင့် ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း ၂ ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာတွင် အမေရိကန်တပ်သား ၁၅၀၀ ခန့်သည် ကြိုတင်တပ်လှန့်သတိပေးချက်ရရှိခဲ့ကာ အခိုင်အမာတည်ဆောက်ထားသည့် ကတုတ်ကျင်းများတွင် ပုန်းအောင်းနေနိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly