တရုတ်ကို ဒေါသထွက်စေသည့် ရေပိုင်နက်တွင်းသို့ အမေရိကန်စစ်သင်္ဘောများ ထပ်မံရွက်လွှင့်မည်

တရုတ်ကို ဒေါသထွက်စေသည့် ရေပိုင်နက်တွင်းသို့ အမေရိကန်စစ်သင်္ဘောများ ထပ်မံရွက်လွှင့်မည်

တောင်တရုတ်ပင်လယ်တွင် တရုတ်ပိုင်ပြုကာ လူလုပ်ကျွန်းများ ဖန်တီးထားသည့် နေရာအနီး အမေရိကန်ရေတပ် စစ်သင်္ဘောများ ထပ်၍ စေလွှတ်သွားမည်ဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၇ ရက်က ပြောသည်။

အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Lassen သည် အငြင်းပွား စပရတ်တလေးကျွန်းစုများရှိ တရုတ်ပိုင်ပြုလုပ်ထားသည့် ကျွန်းစုအနီး ရေမိုင် ၁၂ မိုင်တွင်း အောက်တိုဘာ ၂၇ ရက်က အစောပိုင်းနာရီက ခုတ်မောင်းရွက်လွှင့်ခဲ့သည်။

ယင်းလုပ်ဆောင်ချက်ကြောင့် တရုတ်အား ဒေါသထွက်သွားစေသည်။ တရုတ်က အမေရိကန်သံအမတ်ကြီးအား ဆင့်ခေါ်ပြီး အချုပ်အခြာအား ထိပါးခြင်းဖြစ်သည်ဟု ကြေညာလိုက်သည်။ "ကျွန်တော်တို့က ဆက်လုပ်မှာပဲဖြစ်တယ်။ ကျွန်တော်တို့က နိုင်ငံတကာရေပိုင်နက်အတွင်းမှာဆိုရင်  ကြိုက်တဲ့ အချိန် ကြိုက်တဲ့ နေရာမှာ ရွက်လွှင့်သွားလာနေတာပဲဖြစ်တယ်။"ဟု အမည်မဖော်သည့် အမေရိကန်တာဝန်ရှိသူက အေအက်ဖ်ပီသို့ ပြောသည်။

USS Lassen ဖျက်သင်္ဘောက တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများ သူပိုင်ငါပိုင် အငြင်းပွားအတည်ပြုနေသည့် စပရတ်တလေးကျွန်းစုများရှိ သန္တာကျွန်းများအနီး ရွက်လွှင့်ခဲ့ခြင်းဖြစ်သည်။ အချိန်နှစ်နာရီကြာ ယင်းရေပိုင်နက်တွင် လှည့်လည်ခုတ်မောင်းခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောခဲ့သည်။

ယင်းအမေရိကန်ဖျက်သင်္ဘောနောက်သို့ ရေယာဉ်နှစ်စင်းဖြင့် ထပ်ချပ်လိုက်ခဲ့ကြောင်း တရုတ်က ပြောသည်။ အခြားအမေရိကန်အရာရှိတစ်ဦးကမူ အမေရိကန်နှင့် တရုတ်သင်္ဘောများကြား ပုံမှန်ဆက်သွယ်မှု မပြတ်ရှိကြောင်း ပြောခဲ့သည်။

Ref ; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly