အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်ရှိ အစိုးရပိုင် ဒေလီ ဧည့်ဂေဟာ အစားအသောက်စာရင်းတွင် အမဲသားပါဝင်သည်ဟု ဟိန္ဒူအဖွဲ့တစ်ဖွဲ့က တိုင်တန်း၍ ရဲဌာနက သွားရောက်ခဲ့ရကာ အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။
ဧည့်ဂေဟာ ဝန်ထမ်းများက စာရင်းပါ အသားမှာ နွားသားမဟုတ်ပဲ ကျွဲသားသာဖြစ်ကြောင်း ရဲများထံ ထုချေရှင်းလင်းပြခဲ့ရသည်။
ရဲဌာနက ကာကွယ်တားဆီးရေးနည်းလမ်းအားဖြင့် ဧည့်ဂေဟာသို့ သွားရောက်ရခြင်းဖြစ်ပြီး တိုင်တန်းမှုရှိသည့်အတွက် စစ်ဆေးရသလို ဟင်းလျာအသားနမူနာများပါ ယူခဲ့ရကြောင်း ပြောသည်။
ကာရာလာပြည်နယ်အစိုးရက ရဲဌာနလုပ်ရပ်ကို စိတ်ဆိုးရကာ ဝေဖန်ပြောဆိုလိုက်သည်။
ကာရာလာပြည်နယ်သည် အိန္ဒိယတွင် နွားသားပေါ်ခွင့် တရားဝင်သည့် အနည်းစုသော ပြည်နယ်များမှ တစ်ခုအပါအဝင်ဖြစ်သည်။
သို့သော် ဒေလီအပါအဝင် ပြည်နယ်အများစုတွင် အများစုရှိသော ဟိန္ဒူများ အလေးအမြတ်ထားသည့် နွားကို သတ်ဖြတ်ခြင်း တားမြစ်ပိတ်ပင်ထားသည်။
ရဲဌာနက တိုင်တန်းမှုရှိ၍ ကျင့်ဝတ်အတိုင်း လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသော်လည်း ဧည့်ဂေဟာသို့ ရဲများလာရောက်စစ်ဆေးခြင်းအပေါ် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ကမူ ပြစ်တင်ဝေဖန်ခဲ့သည်။
Ref ; BBC