ငြိမ်းချမ်းရေးဆိုတာ တစ်ဦး တစ်ဖွဲ့တည်းနဲ့သာ သက်ဆိုင်သည်မျိုး မဟုတ်ပါ

ငြိမ်းချမ်းရေးဆိုတာ တစ်ဦး တစ်ဖွဲ့တည်းနဲ့သာ သက်ဆိုင်သည်မျိုး မဟုတ်ပါ

မိမိတို့ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုဆိုတာ ခေတ်တိုင်း ခေတ်တိုင်းမှာ ရှိခဲ့တာတော့ အမှန်ပါပဲ။ ငြိမ်းချမ်းရေ မကြိုးပမ်းခဲ့တဲ့ ခေတ်ရယ်လို့တောင်မှ မရှိဘူးလို့ ပြောလို့ရမယ် ထင်ပါ တယ်။ မင်္ဂလာရှိ တဲ့ ကြိုးပမ်းမှုများပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အာဏာရအစိုးရနဲ့ လက်နက်ကိုင်ထားကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တခြား အဖွဲ့အစည်းတွေ အခုလိုပဲ တွေ့ဆုံဆွေးနွေးပြီး လက်မှတ်ထိုး သဘောတူ စာချုပ် ချုပ်ဆိုလိုက်ရုံမျှနဲ့ ဒီငြိမ်းချမ်းရေးဟာ အဓိပ္ပါယ် ပြည့်စုံနိုင်ပါရဲ့လား။ ပြီးတော့ ကြိုးပမ်းခဲ့ပြီးသမျှ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေအပေါ် မိမိတို့ ပြည်သူများ မည်သည့် အတိုင်းအတာအထိ မည်သည့် ပုံသဏ္ဍာန်များဖြင့် စိတ်ဝင် စားမှု၊ ပါဝင် ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ကြသလည်း။ ဒါဟာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတိုင်းမှာ အရေးပါတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဒီလိုဘာပြုလို့ ပြောရသလည်းဆိုတော့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ဘယ်လိုပဲ ရရ၊ ငြိမ်းချမ်းရေး စာချုပ်တွေ ဘယ်လိုပဲ ချုပ်ဆိုချုပ်ဆို လူထုက စိတ်မဝင်စားရင် လူထုက ပါဝင်ပါတ်သက်ခြင်း မရှိရင် အဲဒီစာ ချုပ်တွေ သဘောတူညီချက်တွေဟာ အကောင်အထည်ပေါ်လာမှု အောင်မြင်မှု မရှိနိုင်ဘူးဆိုတဲ့ အချက် ကြောင့် ဖြစ်ပါတယ်။ ဒီအချက် မှန်ကန်ကြောင်း မကြာခဏဆိုသလို ပြန်လည် ပျက်ပြယ် သွားကြရတဲ့ စာချုပ် တွေ သဘောတူညီချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြီး  စတင် တောက်လောက်စဉ်က ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းကြတဲ့ သူတွေဆိုတာ အဲဒီအချိန်တုန်းက အာဏာရထားတဲ့ အစိုးရလည်း မဟုတ်သ လို လက်နက်ကိုင်ထားတဲ့ တခြား အဖွဲ့အစည်းတွေလည်း မဟုတ်ပါဘူး။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြီးအမှူးပြုတဲ့ ငြိမ်းချမ်းရေး ကွန်ဂရက်ကြီးက အစပြုပြီး ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုခဲ့ကြတာပါ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ငြိမ်းချမ်းရေး ကွန်ဂရက် ခေါင်းဆောင်များဟာ မြန်မာပြည်အနှံ့ လှည့်လည် ပြီး ငြိမ်းချမ်းရေး တရားတွေ ဟောပြော စည်းရုံးကြတာကအစ ကမ္ဘာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဆီအထိ ကျယ်ပြန့် ခဲ့ကြပါတယ်။ နောက်ပိုင်းကြတော့မှသာ စစ်ပွဲတွေ တာရှည်လာတာ အပေါ်မူတည်ပြီး အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်လာကြတာပါ။ ဒီတုန်းက ဆရာကြီး သခင်ကိုယ် တော်မှိုင်းဟာ ဝန်ကြီးချုပ် ဦးနုလို ဗိုလ်ချုပ်ကြီးနေဝင်လို နိုင်ငံ့အမြင့်ဆုံး အာဏာပိုင်များနဲ့ တိုက်ရိုက်ဆက် သွယ် ကြိုးပမ်းဆောင်ရွက်တဲ့ အခြေအနေမျိုးအထိ ရှိခဲ့ဖူးပါတယ်။

ယခုနောက်ပိုင်း စစ်အာဏာရှင် လက်ထက်၊ သမ္မတ ဦးသိန်းစိန် လက်ထက်များမှာတော့ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုတွေမှာ ဟိုယခင်က ငြိမ်းချမ်းရေး ကြိုးပမ်းမှုကာလတွေလို ပြည်သူလူထု ကိုယ်စားပြုတဲ့ လူမှုရေး ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေရဲ့ ပါဝင်ပါတ်သက် ကြိုးပမ်းမှုအသံ လုံးဝ မကြားခဲ့ကြရပါဘူး။ အစိုးရနဲ့ စစ်ဘက် အာဏာပိုင်များနဲ့ တဘက်က လက်နက်ကိုင် အဖွဲ့များနဲ့ သာတွေ့ဆုံ စကားပြောကြ၊ ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ဆိုကြတာ တွေ့ကြရပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စဟာ သာမာန်ကိစ္စ မဟုတ်ပါဘူး။ လူတစ်ဦး လူတစ်စု အသင်းအဖွဲ့ တစ်ချို့ ရဲ့ ကိစ္စ မဟုတ်ပါဘူး။ တတိုင်းတပြည်လုံးက ပြည်သူတွေရဲ့ ကိစ္စ ဖြစ်ပါတယ်။ ပြီးတော့ ဟင်းရွက်ကန်စွန်းလို အလွယ်တကူ ခူးဆွပ်လို့ ရကောင်းတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ယခင် ငြိမ်းချမ်းရေး စာချုပ်တွေ ငြိမ်းချမ်းရေး သဘောတူညီချက်တွေဟာ တစ်ခုတစ်လေတောင်မှ စင်းလုံးမချောခဲ့တာ တွေ့ကြရမှာပါ။

စင်းလုံးချောတယ်လို့ ပြောလို့ရရင်တောင် နောက်ပိုင်းမှာ သေနတ်သံတွေ ပြန်ကြားကြရတာပါပဲ။ ဝမ်းနည်းဖို့ ကောင်းတာကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အားလုံးစုံညီ ပါဝင် သဘောတူတဲ့ သဘောတူစာချုပ်မျိုး ဘယ်တုန်းကမှ မရရှိနိုင်ခဲ့တဲ့ အချက်ပါပဲ။ ဒါကြောင့်မို့လည်း ဘယ်သ ဘောတူစာချုပ် ဘယ်ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှ ကြာရှည်မခံခဲ့တာ အဓိပါ္ပယ်ပြည့်ဝမှု မရှိခဲ့တာ အားလုံးအသိ ပါပဲ။

နောက်ပိုင်းမှာဆိုရင် လူထုကလည်း ဘယ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကိုမှ ယုံကြည်ဖို့ ခက်ခဲလာတာ စိတ်ဝင်စားမှု နည်းလာတာ တွေ့ကြရပါတယ်။ ဒါကြောင့်မို့ ချုပ်ဆိုပြီးသမျှ စာချုုပ်တွေ အရှည်ခိုင်မာဖို့ နောင်ပြုလုပ်မယ့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ မှာ သက်ဆိုင်သူတွေအားလုံး ပါဝင်လာစေဖို့ဆိုရင် လူထုရဲ့ ပူးပေါင်း ပါဝင် ပတ်သက် ကြိုးပမ်းမှုဟာလည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ သက်ဆိုင်သူများ အနေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူထု ကိုယ်စားလှယ်တွေ ကိုလမ်းဖွင့်ပေးပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုတိုင်း ကျယ်ပြန့် ခိုင်မာတဲ့ ကြိုးပမ်းမှုများ ဖြစ်စေရေး ဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags