အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆို

အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၅  ။                      ။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်လွှတ်ပေးရန် အပါအဝင် ခေတ်နှင့်မလျော်ညီသော အကျဉ်းထောင်ဥပဒေများ ပြင်ဆင်ပေးရန် နိုင်ငံရေး အကျဉ်း သားများနှင့် တက်ကြွလှုပ်ရှားသူ အင်အား ၅၀ ကျော်သည်  ဇန်နဝါရီ ၂၅ ရက်က အင်းစိန် အကျဉ်းထောင်အနီးမှ ရွာမ- မင်းစေတီအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်၍  တောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများသည် တူညီသည့် အပြာရောင် အင်္ကျံများ ဝတ်ဆင်လာကြပြီး ၊ အကျဉ်းထောင် အသီးသီးများမှ ရှိနေသည့် နိုင်ငံရေး အကျဉ်းသူ/သားများ ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရန်၊ ပြစ်မှု/ပြစ်ဒဏ် မမျှသည့် မတရား ဖမ်းဆီး ခံရသူများ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ မတရား ဖမ်းဆီးမှုများ လျှော့ချရေးနှင့် တရားသူကြီးများ  အဂတိလေးပါး ကင်းစင်ရန်  စသည့် အချက်  ၅ ချက်ကို ကြွေးကြော်ကာ တောင်းဆိုခဲ့သည်။

လက်ရှိတွင် အကျဉ်းထောင်အတွင်း ထောင်သွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား အများစုသည် ပြစ်မှု/ ပြစ်ဒဏ် မမျှတဘဲ မတရားဖမ်းဆီး ထောင်ကျခံရသူများ  ဖြစ်သည့်အတွက် အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားဟောင်း ဘိုကလေး ဦးအောင်မြင့်က ပြောသည်။

“ ကျွန်တော်တို့ ရည်ရွယ်ချက်က မြန်မာပြည်ဟာ ဒီမိုကရေစီကို သွားမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား မရှိရပါဘူး၊ ဒီမိုကရေစီ နိုင်ငံသွားမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား ရှိနေမယ်ဆိုရင် ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံကို မရောက် သေးဘူးလို့ ဆိုရမှာပါ။

ဒီနေ့ မြန်မာပြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ စစ်အာဏာရှင်စနစ်၊ စစ်တပ်ကနေ တစ်ဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျွန်တော်တို့ ဒီမိုကရေစီ မရောက်ရသေးတဲ့အတွက် ကျွန်တော်တို့ နိုင်ငံရေး အင်အားစုတွေဟာ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေဆဲ ဖြစ်တယ်။

တရားရုံးအသီးသီးမှလည်း အမှုတွေ ရင် ဆိုင် နေကြပါတယ်။ ဒါဟာ မြန်မာပြည်ဟာ ဒီမိုကရေစီခေတ်ပြောင်း တော်လှန်ရေး သွားနေတယ်ဆိုပြီးတော့ တကယ် တကယ်တော့ ကျွန်တော်တို့ကို ဒီမိုကရေစီ အတုပေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ ကျင့်သုံးနေသည့်  အကျဉ်းထောင်များဥပဒေနှင့် အကျဉ်းထောင်များ နည်းဥပဒေသည် ၁၈၉၄ ခုနှစ်၊ ကိုလိုနီခေတ် ကတည်းက  ပြဋ္ဌာန်းခဲ့သော  ဥပဒေများဖြစ်ပြီး အကျဉ်းသားများကို နိုင်ငံရေးအရ ဖိနှိပ်ကန့်သတ်ရန် နိုင်ငံတကာ စံချိန် စံညွန်းနှင့် လျော်ညီမှုမရှိသေးဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုဝေလုက ပြောသည်။

“နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ထောင်ကျတဲ့သူတွေ ရုံးထုတ်တဲ့အခါ သံခြေကျင်းတွေခတ်၊ လက်ထိပ်တွေခတ်ပြီး ရုံးထုတ်ရ တယ်။ အကြောင်းအရာကို စိစစ်ကြည့်တော့ အကျဉ်းထောင်ဥပဒေကြောင့်ဆိုပြီး ကျွန်တော်တို့က သိရတယ်။ ဒီဥပဒေတွေ ဘယ်တုန်းက ရေးဆွဲထားသလဲဆိုတော့ ကိုလိုနီခေတ်ကတည်းက ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တယ်။

ဒီဥပဒေဟာ ကိုလိုနီ ဥပဒေ ဖြစ်နေတာကြောင့် အမြန်ဆုံး ပြင်ဆင်ပေးပ၊ အမြန်ဆုံး ပြောင်းလဲပေးပါ။ ဒါမှသာလျှင် သိက္ခာရှိတဲ့ နိုင်ငံသား တစ်ဦး ချင်းစီ ပုံရိပ်တွေ ပေါ်လာပါလိမ့်မယ်၊ နိုင်ငံသားတစ်ဦးချင်းရဲ့ သိက္ခာရှိမှု ၊ ပုံဖော်တာဟာ နိုင်ငံတော်တစ်ရပ်လုံးရဲ့သိက္ခာ ပုံဖော်တာနဲ့ အတူတူပဲလို့ ကျွန်တော်တို့ မြင်တယ်” ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ရာ အခြေအနေကို ဇန်နဝါရီလအတွင်း စောင့်ကြည့် သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့် တောင်းဆိုမှုများကို လုပ်ဆောင်ပေးခြင်း မရှိပါက ထပ်မံ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ် သွားမည်ဟု ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသူများက ပြောသည်။

လက်ရှိ ရေးဆွဲပြဋ္ဌာန်းထားသည့်  အကျဉ်းထောင်ဥပဒေများကို အသစ် ပြင်ဆင်ရေးဆွဲရေးနှင့် အကျဉ်းထောင်များ စီမံ အုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲရေး စသည့် အရေးကိစ္စများအပေါ် နိုင်ငံရေး အကျဉ်းသားများနှင့် တက်ကြွလှုပ်ရှားသူများ က အစဉ်တစိုက် တောင်းဆိုလျှက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly