ဘာစီလိုနာအသင်းရဲ့ ခေတ်သစ်ဟာ နိုင်ပွဲနှစ်ပွဲနဲ့ စတင်ခဲ့တယ်ဆိုပေမယ့် ဗလင်စီယာကို သွားရောက်မယ့် စနေနေ့ပွဲစဉ်ဟာ ဆက်တီယန်အတွက် ပထမဆုံး စစ်မှန်တဲ့ စမ်းသပ်မှုဖြစ်ပြီး သူ့ကို အသိအမှတ်ပြုနိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်လာပါလိမ့်မယ်။
ဂရန်နာဒါကို (၁-၀)ဂိုးနဲ့ ကျော်ဖြတ်ပြီး နောက်ကျဂိုး နှစ်ဂိုးသွင်းပြီး အီဘစ်ဇာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီးနောက် ဘာကာဟာ သူတို့ရဲ့ နည်းပြသစ်အပေါ် ချက်ချင်း ယုံကြည်မှုပေးရလောက်တဲ့ အောင်မြင်မှုတော့ မဟုတ်သေးပါဘူး။
ဂရန်နာဒါအသင်းကို ရင်ဆိုင်တဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၈၃)ရာခိုင်နှုန်းနဲ့ ဘောလုံးပေးပို့မှု (၁,၀၀၅)ကြိမ် ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်က ပက်ဂွာဒီယိုလာနောက်ပိုင်း လာလီဂါမှာ ဘာစီလိုနာအသင်း ဒီလိုပြုလုပ်ပြတာကို ပြန်မြင်တွေ့ရတာဖြစ်ပါတယ်။
"ဒီနေ့မှာ ကျနော် ကျနော်ကြိုက်နှစ်သက်တဲ့ အရာတွေ အများကြီး တွေ့ခဲ့ပါတယ်။"လို့ ဆက်တီယန်က ပြောပါတယ်။
"ဘာကာဟာ နှစ်ပေါင်းများစွာအတွင်း ဗလင်စီယာမှာ မရှုံးနိမ့်ခဲ့ဘူး။ သရေပွဲ များစွာနဲ့ နိုင်ပွဲတွေလည်း ရှိခဲ့တာကို ကျနော် သိထားပါတယ်။ ပြီးတော့ ဟုတ်ပါတယ်။ ကျနော်တို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းဟာ အကောင်းဆုံး အသင်းတွေထဲက အသင်းတစ်သင်းပါ။ ဒါပေမယ့် ကောင်းပြီ။ ဒီနေရာမှာတော့ နေ့စဉ် စာမေးပွဲတွေကို အောင်ရပါမယ်။"
"ယုံကြည်မှုအဆင့် မြင့်တက်လာတာကြောင့် အောင်မြင်မှုတွေက အထောက်အကူဖြစ်မယ်ဆိုတာ မှန်ပါတယ်။ ပြီးတော့ ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေတယ်လို့ ကျနော် ထင်ပါတယ်။"လို့ သူက ဗလင်စီယာနဲ့ လာလီဂါပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လာလီဂါအမှတ်ပေးဇယား အဆင့် (၇)နေရာမှာ ရပ်တည်နေတဲ့ ဗလင်စီယာအသင်းဟာ သူတို့ရဲ့ နောက်ဆုံး (၆)ပွဲမှာ (၂)ပွဲသာ အနိုင်ရရှိထားပါတယ်။ ဘာစီလိုနာအသင်းကတော့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဇယားထိပ်ကနေ ဦးဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။
Ref; AFP