ဒရုန်းအသုံးပြုခြင်းက ထောက်လှမ်းခြင်းမဟုတ်ဘဲ နယ်မြေလုံခြုံရေးအတွက်ဟု တပ်မတော်ပြော

ဒရုန်းအသုံးပြုခြင်းက ထောက်လှမ်းခြင်းမဟုတ်ဘဲ နယ်မြေလုံခြုံရေးအတွက်ဟု တပ်မတော်ပြော
Photo - KNU

ဇန်နဝါရီ ၂၄ ရက်။              ။ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ တပ်မဟာ ၅ နှင့် တပ်ရင်းဌာနချုပ် စခန်းများကို တပ်မတော်ဘက်က ဒရုန်းလွှတ် ထောက်လှမ်းခြင်း မဟုတ်ဘဲ တပ်တွင်းရှိ နယ်မြေလုံ ခြုံရေးနှင့် ဒေသဖွံဖြိုးရေး အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်၊ စစ်သမိုင်းပြတိုက်မှာ သတင်း စာ ရှင်းလင်းပွဲ တစ်ရပ်လုပ်စဉ် KNU ၏ လက်အောက်ခံ တပ်ဖွဲ့များ လှုပ်ရှားနေသော နယ်မြေအတွင်း ဒရုန်း အသုံးပြုနှင့်ပတ်သက်ပြီး မေးမြန်းစဉ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သည် ဒရုန်းများဖြင့် သုတေသနဆောင်ရွက်မှုများ ရှိသလို တပ်ရင်းအဆင့်နှင့် တပ်ခွဲအဆင့်များမှာ လည်း သူ့အစီအစဉ်နှင့်ဝယ်ထားသော ဒရုန်းများရှိကြောင်း၊ တပ်လုံခြုံရေးနှင့် တပ်ရင်းအဖွဲ့များ သွားသည့် နယ် မြေဒေသ လုံခြုံရေးအတွက် အသုံးပြုမှုများ ရှိကြောင်း၊ ဒရုန်းများကို ကော်မာရှယ် ဈေးကွက်မှာ ဝယ်၍ရ ကြောင်း တပ်မတော်ဘက်က ပြောသည်။  

“ KNU ပဲဖြစ်ဖြစ် ၊ ဘယ်စခန်းပဲ ဖြစ်ဖြစ် ၊ မြန်မာနိုင်ငံအတွင်းမှာ ဘယ်စခန်းတွေ ရှိတယ်ဆိုတာ မြေပြင်မှာ သတင်း ရထားပြီးသား ဖြစ်တယ်။  ဘယ်နေရာမှ ဘယ်စခန်း ရှိတယ်ဆိုတာ သိပြီးသား ဖြစ်တယ်။ ဒါတွေကို တကူး တက ကျွန်တော်တို့က ဒရုန်းတွေ အသုံးပြုပြီး သွားပြီး ဓါတ်ပုံရိုက်စရာ မလိုပါ ဘူး။ သို့သော် ရှိနိုင်တာက ဒီဟာတွေ အသုံးချနိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒေသဖွံဖြိုးရေးအတွက် ဓါတ်ပုံရိုက် တာ ၊ အသုံးချတာ ဒါနဲ့ပတ်သက်ရင်တော့ ရှိနိုင်ပါတယ်။  တချို့ဟာတွေက ဖွံဖြိုးရေး လုပ်ငန်းအတွက် ဆောင် ရွက်နေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

KNU ၏ စစ်ရေး လက်အောက်ခံ တပ်မဟာ ၅ က မိမိတို့ နယ်မြေ၊ တပ်ရင်းဌာနချုပ် စခန်းသို့ တပ်မတော် ဘက် မှ ဒရုန်းလွှတ်၍ စုံစမ်းထောက်လှမ်း စစ်ဆေးမှုအပေါ် ကန့်ကွက်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့ သည်။

KNU နယ်မြေများအတွင်း တပ်မတော်သည် ဒရုန်း(Drone)များနှင့် တစ်ပတ်နှစ်ကြိမ် လာရောက် စုံစမ်း ထောက်လှမ်း နေကြောင်း၊ ထိုအပေါ် KNU ဘက်ကလည်း  ဒရုန်းများနှင့် ပြန်လည် ထောက်လှမ်းသည့် အခါ တပ် မတော်တပ်စခန်းအတွင်းသို့  ပြန်လည် ဆင်းသက်နေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤလုပ်ရပ်သည် KNU ၏ လုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက နှစ်ဖက် အပြန်အလှည် ယုံကြည်မှုကိုပါ ပျက်ပြား စေနိုင်ကြောင်း ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) အခန်း (၃) အပိုဒ် ၅၊ အပိုဒ်ခွဲ (က/ခ)နှင့် နှစ်ဖက်လိုက်နာ ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်း(CoC) အခန်း (၃) အပိုဒ် ၈၊ အပိုဒ်ခွဲ(က/ခ)တို့ ကို ချိုးဖောက်နေသည့်အတွက် အပြင်းအထန် ကန့်ကွက်ကြောင်း ဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကရင်ပြည်နယ်ရှိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-S)ရုံးသို့လည်း ပေးပို့ကာ တိုင်ကြားထားကြောင်း သိရသည်။

တပ်မဟာ ၅ နယ်မြေနှင့် တပ်ရင်းဌာနချုပ်စခန်းများကို တပ်မတော်ဘက်မှ ဒရုန်းစေလွှတ် ထောက်လှမ်းသည့် အပေါ် ဆက်သွယ်မေးမြန်းရာ KNU တပ်ရင်းစခန်းနှင့် ဆက်သွယ်ရန် ခက်ခဲနေခြင်းကြောင့် မသိရှိကြောင်း KNU လက်အောက်ခံ တပ်မဟာ ၅ ၏ ဖာပွန်စစ်ရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး စောအယ်ဒိုထူးက ပြောသည်။  

KNU တပ်မဟာ ၅ ၏ တိုင်ကြားစာကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရေးစဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC-U)သို့ မရောက်လာသေးကြောင်း၊ ထို့ကြောင့် အခြေအနေမှန်ကို မသိရသေးကြောင်း ၊ သို့သော် ယခုလို နယ်မြေများကို ဒရုန်းစေလွှတ် ထောက်လှမ်းခြင်းက NCA အား ချိုးဖောက်သည့် သဘော သက်ရောက်ကြောင်း JMC-U  အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးက ပြောသည်။  

“ ဒီတိုင်ကြားစာက ကျွန်တော်တို့ ပြည်ထောင်စုအဆင့်တော့  မရောက်လာသေးဘူး။ ပြည်နယ်အဆင့်မှပဲ ရှိနေ မယ်ထင်တယ် ကြည့်ရတာ။ တော်တော်များများကို ပြည်နယ်ကပဲ ဖြေရှင်းပေမယ့် မဖြေရှင်းတာတွေတော့ ပြည် ထောင်စုအဆင့်ကတော့ ဖြေရှင်းရတယ်။ အဲ့တာမျိုးတွေဆိုရင် နှစ်ဖက်ညှိနှိုင်းပြီး ဆွေးနွေးတာ ရှိသလို JMC-U  ကော်မတီအနေနဲ့ ကြည့်ပြီး လုပ်ရတဲ့ ကိစ္စတွေရှိတယ်။ တကယ်လို့ ပြည်နယ်အဆင့်မှာပဲ ဖြေရှင်းတာ ကောင်း တယ်။ မလုပ်နိုင်ဘူးဆိုရင်တော့ ပြည်ထောင်စုအဆင့်မှာ ကြည့်ရမှာပေါ့၊  နယ်မြေတွေကို ဒရုန်းနဲ့ ထောက်လှမ်းတာတော့ အဲ့တာမျိုးက မလုပ်ရဘူး၊ ဒါကတော့  NCA ကို ချိုးဖောက်တယ်လို့ ပြောလိုရမှာပေါ့” ဟု ၎င်းက ပြောသည်။

ဒရုန်းများဖြင့် ကင်းထောက်ခြင်းနှင့် ထောက်လှမ်းခြင်းများသည် မလုပ်သင့်ကြောင်း၊ လက်ရှိတွင် JMC-U သို့ တိုက်ကြားစာ မရောက်သေးကြောင်း၊ တိုင်ကြားစာ တက်လာမည့်အပေါ် ကြည့်ရ၍ သက်ဆိုင်ရာကို အကြောင်း ကြားကာ တကယ် လုပ်/မလုပ်ဆိုသည်ကို ဖြေရှင်းရမည် ဖြစ်ကြောင်း ဒေါက်တာရွှေခါးက ပြောသည်။

KNU သည် NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။

သို့သော် KNU ၏ စစ်ရေးလက်အောက်ခံ တပ်မဟာ ၅ နယ်မြေတွင် တပ်မတော်နှင့် တပ်မဟာ ၅ ကြား လမ်းဖောက်လုပ်မှု ကိစ္စ အငြင်းပွားခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ မတ်လက တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့ချိန်ထိ လမ်းဖောက် လုပ်မှုကိစ္စအပေါ် တိကျသော သဘောတူညီမှုကို ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly