ဇန်နဝါရီ ၂၃။ ။ တပ်မတော်အပါအဝင်မည်သည့်လက်နက်ကိုင်အဖွဲ့မဆိုအရပ်သားများအားတစ်ဖက်သတ် စွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ဒေသခံတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုး ဖောက်ခြင်း မပြုလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီးတိုက်တွန်းလိုက်ပါတယ်။
ချင်းပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ပညာရေးဝန်ထမ်းဦးတောင်ပန် တို့နှစ်ဦးကို AA လက်နက်ကိုင်အဖွဲ့က၂ လကျော်ကြာဖမ်းဆီးထိန်းသိမ်း ပြီးမနေ့ညနေကကောင်းမွန်စွာ ပြန်လွတ်ပေးလိုက် ပြီးမိသားစုထံအသီးသီးရောက်ရှိနေပြီဖြစ်ကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
ဒါ့အပြင် AA လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တဲ့ ချင်းလူမျိုးအနည်းဆုံး (၁၂) ဦးကိုလည်းအမြန်ဆုံးပြန်လွှတ်ပေးဖို့ထုတ်ပြန်ချက်မှာရှိပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး AA လက်နက်ကိုင်အဖွဲ့အနေနဲ့ ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးလိုက်ပြီဖြစ်ကာနောက်ထပ်ဖမ်းဆီးထားတာမရှိတော့ဘူးလို့တုံ့ပြန်ပြောဆိုပါတယ်။
AA လက်နက်ကိုင်အဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “မရှိဘူးဗျ။ မရှိဘူး။ ကျနော်တို့ နောက်ထပ်ဖမ်းဆီးထားတာဘယ်သူမှ မရှိတော့ဘူး။ လုံးဝမရှိတော့ဘူးဗျ။ ဒီဟာကတော့ သူတို့ကဘယ်လိုအထောက်ထားနဲ့ စွပ် စွဲပြောလဲဆိုတာကျနော်လည်းမပြောတတ်ဘူးပေါ့။” ဟု ပြောသည်။
AA ရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်းကိုမလွဲသာမရှောင်သာတဲ့ အခြေနေတစ်ခုအောက်မှာခေတ္တယာယီထိန်းသိမ်းခဲ့တာ ဖြစ်ပြီးအမျိုးသားပြန် လည်သင့်မြတ်ရေးကိုလိုလားတဲ့အတွက်ဇန်နဝါရီလ ၂၁ ရက်နေ့မှာပြန်လည်လွှတ်ပေးလိုက်တာဖြစ်ကြောင်းဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုပြန်လွတ်ပေးလိုက်တာဟာနှစ်ဘက်တင်းမာမှုကိုလျော့ကျပြီး ပြန်လည်သင့်မြတ်ရေးကိုလမ်းစပွင့်စေတယ်လို့နိုင်ငံရေးလေ့ လာသုံးသပ်သူဦးမောင်မောင်စိုးပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာတပ်မတော်နဲ့AAတို့ တိုက်ပွဲဖြစ်ပွားနေတာတစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကာနှစ်ဖက်တိုက်ပွဲကြောင့်စစ်ဘေးရှောင် ဦးရေ ၁ သိန်းကျော်အထိရှိလာနေပြီးထိခိုက်သေဆုံးသူ ၃၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့ရခိုင်အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေကပြောပါတယ်။