ဂရိတွင် ပထမဆုံး အမျိုးသမီး နိုင်ငံတော်ခေါင်းဆောင်ကို ရွေးကောက်တင်မြှောက်

ဂရိတွင် ပထမဆုံး အမျိုးသမီး နိုင်ငံတော်ခေါင်းဆောင်ကို ရွေးကောက်တင်မြှောက်

ဇန်နဝါရီ ၂၃။              ။ အမျိုးသားများ ကြီးစိုးသော ဂရိလွှတ်တော်တွင် လူသိများ ကျော်ကြားသည့် အမျိုးသမီး တရားသူကြီး ကာတာရီနာဆာကယ်လာရိုပေါလော့ကို သမ္မတအဖြစ် ထောက်ခံမဲ အများအပြား ပေးပြီးနောက် နိုင်ငံ၏ သမိုင်းတွင် ပထမဆုံးအဖြစ် အမျိုးသမီး နိုင်ငံခေါင်းဆောင်ကို ဇန်နဝါရီ ၂၂ ရက်တွင် ရွေးကောက်တင်မြှောက်လိုက်ပြီ ဖြစ်သည်။

ဟယ်လန်နစ်လွှတ်တော်တွင် ကာတာရီနာအား လွှတ်တော်အမတ် ၂၆၁ ဦးက ထောက်ခံရာ လိုအပ်သော မဲ ၂၀၀ ထက် သိသိသာသာ ပိုလွန်သော ထောက်ခံမဲဖြင့် ရွေးကောက်ခံရခြင်းပဲ ဖြစ်သည်။

ကွန်ဆာဗေးတစ်များဖြစ်သော New Democracy အစိုးရအဖွဲ့ဝင်များနှင့် လက်ဝဲယိမ်း အတိုက်အခံ Syriza ပါတီနှင့် ဗဟိုလက်ဝဲ Movement for Chang ပါတီဝင် အားလုံးနီးပါး၏ ထောက်ခံမှု ရခြင်းပဲ ဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်သူ ကိုင်ရီယာကို့စ်က “ဒီကနေ့မှာ ဂရိဟာ ခေတ်သစ်တစ်ရပ်ဆီ ရောက်ခဲ့ပြီ။ နိုင်ငံဟာ ၂၁ ရာစုရဲ့ ဆယ်စုနှစ်သုံးစုကို အမျိုးသမီး သမ္မတနဲ့အတူ ဝင်ရောက်ခဲ့ပြီ။”ဟု ပြောသည်။
ကာတာရီနာသည် ဂရိပြည်သူများကို စုစည်းပေးသော ကြီးမြတ်သူအဖြစ်လည်း ၎င်းက ရည်ညွှန်းပြောဆိုသည်။

လွှတ်တော်ဥက္ကဋ္ဌ ကွန်စတန်တီနိုအနေဖြင့်ကာတာရီနာအား ခန့်အပ်မှုကို တရားဝင်ကြေညာမည်ဖြစ်ကာ ကာတာရီနာအနေဖြင့် လက်ရှိသမ္မတ ပရိုကိုပစ်ပါဗလိုပေါလို့စ်၏ ပထမဆုံးနှင့် တစ်ကြိမ်တည်းသော သက်တမ်း ကုန်ဆုံးသွားသည့် နောက်တစ်နေ့ဖြစ်သော မတ် ၁၃ ရက်တွင် စတင်ရာထူးတာဝန်ထမ်းဆောင်ဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly