အီရန်တွင် သဘောထားတင်းမာသူများ၏ ဖြိုခွင်းမှုအတွင်း ကဗျာဆရာများကို ပစ်မှတ်ထားလာ

အီရန်တွင် သဘောထားတင်းမာသူများ၏ ဖြိုခွင်းမှုအတွင်း ကဗျာဆရာများကို ပစ်မှတ်ထားလာ

ဒူဘိုင်း၊ အောက်တိုဘာ-၂၇ ။          ။ သူတို့၏ ကဗျာများအတွက် ထောင်ချခံရပြီး ဆန့်ကျင်ဘက်လိင်များကို လက်ဆွဲနှုတ်ဆက်မိသည့်အတွက်လည်း ကြိမ်ဒဏ် ၉၉ချက်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် အီရန်ကဗျာဆရာနှစ်ယောက်မှာ အစ္စလာမ်သမ္မတနိုင်ငံတွင် သဘောထားတင်းမာသူများကို ဘဝအမြင်သစ်များကို ထုတ်ဖော်ပြသနေသူများကို ဖြိုခွင်းမှုတွင် လတ်တလောအကျဆုံး ပစ်မှတ်ထားခံရသူများ ဖြစ်လာခဲ့သည်ဟု ဝေဖန်သုံးသပ်သူများက ပြောကြားခဲ့သည်။

ယမန်နှစ်နွေရာသီက သမိုင်းဝင်နျူကလီးယားသဘောတူညီချက်အပါအဝင် နိုင်ငံ၏ ပုံရိပ်အား ပျော့ပျောင်းစေပြီး အနောက်အုပ်စုနှင့် ဆက်ဆံရေးတိုးတက်ရန် သမ္မတ ဟာဆန်ရိုဟန်နီက ကြိုးစားနေချိန် နောက်ခံအခင်းအကျင်းတွင်မူ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် အနုပညာရှင်များကို ဖမ်းဆီးပြစ်ဒဏ်ချနေသည်။

ရဲတပ်ဖွဲ့၊ တရားရုံးနှင့် စစ်တပ်အတွင်းရှိ သဘောထားတင်းမာသူများက အနောက်နှင့် အလိုက်အထိုက်နေမှုမှန်သမျှကို အစ္စလာမ်သမ္မတနိုင်ငံအတွက် အန္တရာယ်၊ ကျင့်ဝတ်ပိုင်း ပုပ်သွေးဆွေးမြေ့မှု၏ သင်္ကေတအဖြစ် ရှုမြင်ကြသည်။ အီရန်နိုင်ငံတွင် ဖြစ်ပွားဆဲ ဖြိုခွင်းမှုတွင် ပစ်မှတ်ထားခံရသူများမှာ ဖေဖော်ဝါရီ ရွေးကောက်ပွဲအကြိုအနေဖြင့် တင်းမာသူများနှင့် အလယ်အလတ် သဘောထားရှိ သူများကြား အားပြိုင်မှုတွင် မြေဇာပင်ဖြစ်နေကြရသည်ဟု လူ့အခွင့်အရေးအုပ်စုများနှင့် ဝေဖန်သုံးသပ်သူများက ပြောကြားခဲ့သည်။

‘ပြည်သူလူထုတွေက နျူကလီးယားသဘောတူညီချက်နဲ့အတူ တင်းမာနေတဲ့ ဆက်ဆံရေးတွေ နည်းနည်း အရည်ပျော်သွားပြီ၊ နည်းနည်းပွင့်လင်းသွားပြီလို့ ယူဆနေကြတယ်’ဟု PEN America မှာ လွတ်လပ်စွာဖော်ပြခွင့်ပရိုဂရမ်၏ ညွှန်ကြားရေးမှူး ကာရင် ဒတ်ချ် ကာလီကာက ပြောကြားခဲ့သည်။ ‘တရားရေးဌာနက ခေတ်နောက်ပြန်ဆွဲနေပြီး လူတွေမျှော်လင့်နေတဲ့ ပွင့်လင်းမှုများကို ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို အထင်အရှားပြဖို့ ကြိုးစားနေတယ်လို့ ကျနော်ထင်တယ်’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သားဖွားဆရာဝန် ဖာတီမာ အက်ခတီဆာရီနှင့် စာပေနှင့် ကဗျာကို သင်ကြားနေသည့် ပါရဂူဒေါက်တာ မက်ဒီ မူဆာဗီတို့နှစ်ဦးမှာ ရိုဟန်နီသမ္မတဖြစ်လာပြီး လပေါင်းများစွာအကြာ ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး အဖမ်းဆီးခံရသူများပင် ဖြစ်သည်။

ယခုလအစောပိုင်းက အထွတ်အမြတ်အရာများအား စော်ကားရန် နိုင်ငံတော်အား ဆန့်ကျင်ဝါဒဖြန့်မှု စွဲချက်များဖြင့် အက်ခတီဆာရီကို ထောင် ၁၁နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး မူှဆာဗီကိုမူ ထောင်ဒဏ် ၉နှစ် ချမှတ်ခဲ့သည်။  

အီရန်ဥပဒေများက အနုပညာဖန်တီးမှုများကို ကန့်သတ်ထားပြီးသားဖြစ်သော်လည်း စာရေးဆရာနှစ်ဦးစလုံးမှာ ယခင်ကလည်း အစိုးရဆင်ဆာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကဗျာစာအုပ်များ အသီးသီးထုတ်ဝေခဲ့ပြီး ဖြစ်သည်။

တရားရေးဌာနမှာ ပြင်းထန်သောပြစ်ဒဏ်များဖြင့် စံနမူနာအနေဖြင့် ပြတ်ပြတ်သားသား အရေးယူပြရန် အမှုကို စောင့်ဆိုင်းနေသည်ဟု ကာလီကာက ပြောကြားသည်။

အလားတူအမှုများတွင် လတ်တလောအကျဆုံးဖြစ်သည့် ကဗျာဆရာများ၏ ပြစ်ဒဏ်များနှင့် ပတ်သက်၍ အီရန်အာဏာပိုင်များကရော ၊ နိုင်ငံပိုင်မီဒီယာကပါ အသံတိတ်နေခဲ့သည်။ လူသိအများဆုံး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအနက်မှ တစ်ယောက်ဖြစ်သည့် နာဂတ် မိုဟမ္မာဒီကိုလည်း မေလက ဖမ်းဆီးခဲ့ပြိး ယခုတိုင် ထိန်းသိမ်းထားဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly