အီတလီအမျိုးသားကို သတ်ဖြတ်မှု လူ၄ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲက ဖမ်းဆီးထား

အီတလီအမျိုးသားကို သတ်ဖြတ်မှု လူ၄ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲက ဖမ်းဆီးထား

နယူးဒေလီ၊ အောက်တိုဘာ-၂၆ ။              ။ မြို့တော်၏ လမ်းမပေါ်တွင် အီတလီ ကူညီရေးလုပ်သားတစ်ဦးကို ပစ်သတ်မှုနှင့် ဆက်နွယ်ပတ်သက်နေသည့် အမျိုးသား ၄ဦးကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက စီဆဲ တာဗယ်လာကို သတ်ဖြတ်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ကြေညာခဲ့သော်လည်း မြို့တော်၏ ရဲကော်မရှင်နာ မွန်တာရှီရူ အစ္စလာမ်ကမူ ဖမ်းမိထားသူ ၄ယောက်စလုံးမှာ အိုင်အက်စ်အုပ်စုနှင့် အဆက်အသွယ်တစ်စုံတစ်ရာရှိသည်ဟု မယူဆရကြောင်း အောက်တိုဘာ ၂၆ရက်က ပြောကြားခဲ့သည်။

ရေကူးကန်မှ အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် သေနတ်ဖြင့် ပစ်ချခံလိုက်ရသည့် တာဗယ်လာကို တိုက်ခိုက်မှု၏ အကြောင်းရင်းမှာ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေကြသည့် နိုင်ငံခြားသားများအတွက် စိုးရိမကင်းဖြစ်ဖွယ်မရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများချည်းဖြစ်ကြသည့် တရားခံ၄ယောက်စလုံးမှာ အသားဖြူ နိုင်ငံခြားသားတစ်ယောက်ကို သတ်ဖြတ်ရန် ၎င်းတို့အခေါ် ‘အစ်ကိုကြီး (Big Brother)’ဆိုသူက ငှားရမ်းထားသည့် ကြေးစားလူသတ်သမားများသာ ဖြစ်သည်ဟု အစ္စလာမ်က ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ရဲတပ်ဖွဲ့မှာ အစ်ကိုကြီး (Big Brother)ကို ခြေရာခံလျှက်ရှိပြီး ထိုအစ်ကိုကြီးဆိုသူမှာ အိုင်အက်စ်အဖွဲ့နှင့် ပတ်သက်နေလိမ့်မည်ဟု မယုံကြည်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

စက်တင်ဘာ၂၈ရက် ညနေခင်းတွင် ဒါကာ၏ သံတမန်ရပ်ကွက် ဂါရှန်တွင် သေနတ်သမားများက တာဗယ်လာ (၅၁နှစ်)ကို ပစ်သတ်ခဲ့ကြပြီး မည်သည့်ပစ္စည်းမှမယူဘဲ အသင့်စောင့်နေသည့် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြသည်။

အစ္စလာမ်၏ ပြောကြားချက်အရ ဖမ်းမိထားသူများအနက် သုံးယောက်မှာ သတ်ဖြတ်မှုတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေပြီး အခြားတစ်ယောက်မှာမူ တိုက်ခိုက်မှုတွင် အသုံးပြုရန် မော်တော်ဆိုင်ကယ် ငှားရမ်းခဲ့သူဖြစ်သည်ဟု ဆိုသည်။

အသက် ၃၀နှင့် ၄၀ကြားအသီးသီးရှိကြသည့် တရားခံ၄ယောက်စလုံးက တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဝန်ခံထားပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု အစ္စလာမ်က ထပ်လောင်းပြောကြားသည်။

သတ်ဖြတ်မှုနှင့် ပတ်သက်၍ အိုင်အက်စ်အကြမ်းဖက်အုပ်စုက ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာထားရာ ရဲတပ်ဖွဲ့၏ ကြေညာချက်ကြောင့် ဝိဝါဒကွဲပြားစရာ ဖြစ်လာခဲ့သည်။

အောက်တိုဘာလ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းတွင် ဂျပန်အမျိုးသားတစ်ဦးအား သတ်ဖြတ်မှုမှာလည်း ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့က ပြောကြားထားသော်လည်း တိုက်ခိုက်မှုနှစ်ခုကြားတွင် ဆက်နွယ်ပတ်သက်မှု တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly