တရုတ်တွင် နမိုးနီးယား ဗိုင်းရပ်စ်ဆန်း ကူးစက်ခံရသူ နောက်ထပ် ၁၇ ဦး ထပ်တိုး

တရုတ်တွင် နမိုးနီးယား ဗိုင်းရပ်စ်ဆန်း ကူးစက်ခံရသူ နောက်ထပ် ၁၇ ဦး ထပ်တိုး

ဇန်နဝါရီ ၁၉။        ။ တရုတ်နိုင်ငံတွင် SARS ရောဂါနှင့် အလားသဏ္ဍာန်တူသည့် ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး ကူးစက်မှုဖြစ်ပွားနေပြီး ယခုအခါ ယင်းရောဂါပိုး ကူးစက်ခံထားရသူ နောက်ထပ် လူနာ ၁၇ ဦးကို ထပ်တွေ့ခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် သုံးဦးသည် အခြေအနေ ပြင်းထန်၍ အထူးဂရုစိုက်နေရသည်ဟု သိရသည်။

ယင်းအတွက်ကြောင့် နိုင်ငံတွင် လူသန်းပေါင်းများစွာ ခရီးသွားလာကြမည့် နှစ်သစ်ကူး အားလပ်ရက်ကာလမတိုင်မီ ယင်းဗိုင်းရပ်စ်ကြောင့် စိုးရိမ်ပူပန်မှုများကို တိုးပွားစေခဲ့ပြီ ဖြစ်သည်။

နမိုးနီးယား ရောဂါ ဗိုင်းရပ်စ်ဆန်း ကူးစက်မှု အဓိက ဖြစ်ပွားရာ ဝူဟန်မြို့တွင်မှာပင် နောက်ထပ် ကူးစက်ခံရသူ ၁၇ ဦးကို ထပ်တွေ့ခဲ့ခြင်း ဖြစ်သည်။

ကူးစက်ခံထားရသူ အားလုံးသည် အသက် ၃၀ နှစ် မှ ၇၉ နှစ်အကြား အသက်အပိုင်းအခြား ရှိသူများဖြစ်သည်။

ယင်းအတွက်ကြောင့် ယင်းနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်းဦးရေမှာ ၆၂ ဦးအထိ ရှိသွားပြီဖြစ်သည်။

လက်ရှိအချိန်တွင်လည်း ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦး ရှိသွားပြီ ဖြစ်သည်။

၎င်းတို့အနက် ရှစ်ဦးသည် အခြေအနေ ပြင်းထန်ပြီး အခြား ၁၉ ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသော်လည်း ဝူဟန်မြို့ ကျွမ်းကျင်ပညာရှင်များကမူ လက်ရှိ အခြေအနေကို  ကာကွယ်ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းထုတ်ဖော်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly