နီပေါတွင် ဆီးနှင်းပြိုကျမှု ကိုရီးယားနိုင်ငံသား ၄ ဦး အပါအဝင် ၇ ဦးပျောက်ဆုံး

နီပေါတွင် ဆီးနှင်းပြိုကျမှု ကိုရီးယားနိုင်ငံသား ၄ ဦး အပါအဝင် ၇ ဦးပျောက်ဆုံး

ခတ္တမန္ဒူ၊ ဇန်နဝါရီ ၁၈ ။                    ။ နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းရှိ အန်နာပူနာဒေသတွင် ဆီးနှင်းပြိုကျမှုကြောင့် နီပေါနိုင်ငံသား  ၃ ဦးနှင့် တောင်ကိုရီးယားနိုင်ငံသား ၄  ဦးတို့ ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၈ ရက်တွင်ပြောသည်။

ဆီးနှင်းပြိုကျမှုသည် အန်နာပူနာဒေသ အခြေစိုက်စခန်းတစ်ခုအနီး ပင်လယ်ပြင်ရေမျက်နှာပြင်အထက် ၃၂၃၀ မီတာ ( ၁၀၅၉၇ ပေ) ခန့်တွင် ဇန်နဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့သည်။

ဆီးနှင်းပြိုကျမှုဖြစ်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသား ၄ ဦးနှင့် နီပေါနိုင်ငံသား ၃ ဦးတို့ကို အဆက်အသွယ် မရတော့ကြောင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့ကို ယမန်နေ့ညက လွှတ်လိုက်ပြီဖြစ်ကြောင်း ၊ ရာသီဥတုဆိုးရွားသည့် အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲဖြစ်နေကြောင်း နီပေါခရီးသွားလာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အန်နာပူနာတောင်တန်းဒေသသည် ဆီးနှင်းပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သွားလာရခက်ခဲကာ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထက်ပင် အသေအပျောက်နှုန်းမြင့်မားသည်။

ပျောက်ဆုံးနေသည့် တောင်ကိုရီးယားနိုင်ငံသားများမှာ နီပေါတွင် ပညာရေးလုပ်ငန်းအတွက်ရောက်ရှိနေသည့် စေတနာ့ဝန်ထမ်းများဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူများ၏ မိဘများကို အကြောင်းကြားထားကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဟိမဝန္တာဒေသရှိ အန်နာပူနာတောင်တန်းဒေသသည် ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့် နှစ်စဉ် ခြေလျင်တောင်တက်ခရီးသွားသူ ထောင်နှင့်ချီ လာရောက်လည်ပတ်ကြသည်။

၂၀၁၄ ခုနှစ်ကလည်း အဆိုပါဒေသတွင် နှင်းမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၄၀ ခန့် သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly