ပြည်သူများအတွက် စစ်မှန်သည့်အပြောင်းအလဲများ လုပ်ဆောင်မည်ဟု ရုရှားဝန်ကြီးချုပ်သစ် ကတိပြု

ပြည်သူများအတွက် စစ်မှန်သည့်အပြောင်းအလဲများ လုပ်ဆောင်မည်ဟု ရုရှားဝန်ကြီးချုပ်သစ် ကတိပြု

ဇန်နဝါရီ ၁၇ ။                                   ။  နိုင်ငံတွင် စစ်မှန်သော အပြောင်းအလဲများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်ပေးသွားမည်ဟု ရုရှားဝန်ကြီးချုပ်သစ် မစ်ခ်ဟေး မီရှုစတင်က ဇန်နဝါရီ ၁၆ ရက်တွင် ကတိပြုလိုက်သည်။

လူသိနည်းသော အခွန်ဌာနအကြီးအကဲဖြစ်သည့် မီရှုစတင်အား ဝန်ကြီးချုပ်သစ်အဖြစ် သမ္မတ ဗလာဒီမာ ပူတင်က အဆိုပြုခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ယင်းခန့်အပ်မှုကို ရုရှား ဥပဒေပြုအမတ်များကလည်း အတည်ပြုထောက်ခံပေးလိုက်ပြီဖြစ်သည်။

“ခုချိန်ကနေစလို့ ရုရှားပြည်သူတွေအနေနဲ့ နိုင်ငံမှာ တကယ့်စစ်မှန်တဲ့ အပြောင်းအလဲတွေကို လက်တွေ့မြင်တွေ့ရတော့မှာဖြစ်ပါတယ်” ဟု မီရှုစတင်က ပြောသွားခဲ့သည်။

ယင်းအပြင် ရုရှားပြည်သူများ ဝင်ငွေ တိုးတက်ရေးနှင့်ပတ်သက်၍ ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ပြီး စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်မှု ပြန်ရအောင် အစိုးရဘက်က လုပ်ဆောင်သွားမည်ဟု မီရှုစတင်က ပြောသွားသည်။

ရုရှားသမ္မတ ပူတင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်က အံ့အားသင့်ဖွယ် ပြုပြင်ပြောင်းလဲရေး ကြေညာချက်များကို ထုတ်ပြန်ရာတွင် မီရှုစတင်အား ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်အဆိုပြုမှုလည်း ပါဝင်ခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်တွင် သမ္မတ ပူတင်က ဖွဲ့စည်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး အဆိုပြုကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ ဝန်ကြီးချုပ်ဟောင်း မက်ဗ်ဗီဒက်ဗ် ဦးဆောင်သည့် အစိုးရအဖွဲ့တဖွဲ့လုံး နုတ်ထွက်သွားခဲ့သည်။

ယင်းနောက် များမကြာမီမှာပင် ဝန်ကြီးချုပ်သစ်အဖြစ် မီရှုစတင်အား ရွေးချယ်ကြောင်း ပူတင်က ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးတော့မည့် သမ္မတ ပူတင်သည် အထက်ပါ ပြုပြင်ပြောင်းလဲရေး ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းနှင့်အတူ ၎င်း၏ သက်တမ်းအလွန် နိုင်ငံတွင် အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်မည့် အခြေအနေတစ်ရပ် ဖန်တီးနိုင်ရန် ကြိုးပမ်းနေသည်ဟုလည်း ကောလာဟလများ ထွက်ပေါ်လျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly