ပါကစ္စတန်က ၁၂ ရွယ် မိန်းကလေး အိမ်ပြိုကျပြီး ဆီးနှင်းများအောက် ၁၈ နာရီကြာ ပိမိနေပြီးမှ ရှင်သန်လွတ်မြောက်လာ

ပါကစ္စတန်က ၁၂ ရွယ် မိန်းကလေး အိမ်ပြိုကျပြီး ဆီးနှင်းများအောက် ၁၈ နာရီကြာ ပိမိနေပြီးမှ ရှင်သန်လွတ်မြောက်လာ

ဇန်နဝါရီ ၁၆ ။         ။ ပါကစ္စတန်နိုင်ငံတွင် အသက် ၁၂ ရွယ် မိန်းကလေးတစ်ဦးသည် အိမ်အပြိုအပျက်နှင့် ဆီးနှင်းများအောက် ၁၈ နာရီ ပိမိနေပြီးမှ အသက်ရှင်လွတ်မြောက်လာခဲ့သည်။

အဆိုပါ မိန်းကလေးအနေဖြင့် ဆီးနှင်းပြိုကျရာတွင် ဘေးအိမ်သို့ ၎င်း၏ မိသားစုနှင့်အတူ သွားရောက်ခိုလှုံစဉ် အိမ်ပြိုကျကာ ဆီးနှင်းများ ဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။

ယင်း မတော်တဆမှုအတွင်း မိန်းကလေး၏ အစ်ကိုနှစ်ဦး သေဆုံးခဲ့ရသည်။

ပါကစ္စတန်နိုင်ငံ၌ ဆိုးဝါးသည့် ရာသီဥတုအတွင်း သေဆုံးသူပေါင်းမှာ ၁၀၄ ဦးအထိ ရှိသွားပြီဖြစ်သည်။

မိန်းကလေး၏ မိခင်ဖြစ်သူ ဘီဘီက အီးပီအေသတင်းသို့ ပြန်လည်ပြောဆိုရာ၌ သူ့ခင်ပွန်းနှင့် ကလေးလေးဦးနှင့်အတူ အခြားမိသားစု လေးစုနှင့် အိမ်နီးချင်းအိမ်တစ်အိမ်တွင် ဇန်နဝါရီ ၁၃ ရက်က သွားရောက်ခိုလှုံစဉ် ဆီးနှင်းပြိုကျခြင်းဖြစ်ကြောင်း ပြောသည်။

ထိုသို့ ဆီးနှင်းပိပြီး အိမ်ပြိုကျရာ၌ ဘီဘီအား သုံးနာရီအကြာတွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဘီဘီသည် ၎င်း၏ ကလေး လေးဦးစလုံး သေဆုံးပြီဟု ယူဆခဲ့သည်။

သို့သော် နောက်ပိုင်း တစ်နာရီအကြာ၌ အသက် သုံးနှစ်အရွယ် သူ့သမီးငယ်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

ဘီဘီ၏ အသက် ၁၂ အရွယ် ဆာမီနာဆိုသည့် မိန်းကလေးကိုမူ ၁၈ နာရီကြာ နောက်တစ်နေ့ နံနက်တွင်မှ အသက်ရှင်လျက် တွေ့ရှိခြင်းဖြစ်သည်။ ဆာမီနာလေးအနေဖြင့် ခြေထောက်ကျိုးရုံမှတစ်ပါး အသက်ဘေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

“သမီးကို ခုလို နောက်တစ်နေ့ နံနက်မှ အသက်ရှင်လျက် တွေ့ရတာဟာ တကယ့်ကို အံ့ဩဖွယ်ရာပါပဲ။”ဟု ဘီဘီက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly